နေရပ်ပြန်ရန် အလှမ်းဝေးနေဆဲ ရခိုင်စစ်ဘေးဒုက္ခသည်များ

နေရပ်ပြန်ရန် အလှမ်းဝေးနေဆဲ ရခိုင်စစ်ဘေးဒုက္ခသည်များ
ဓာတ်ပုံ - NYEIN CHAN NAING /EPA

မတ် ၁၆

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA ) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများ ရပ်စဲနေသည်မှာ တစ်နှစ်ခွဲနီးပါး ရှိလာသော်လည်း စစ်ရှောင်အများစု နေရပ်ပြန်ရန် အခက်အခဲများစွာ ရှိနေကြဆဲဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လဲှကျေးရွာက စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေကြသော စစ်ဘေးဒုက္ခသည်များကမူ တိုက်ပွဲအတွင်း ကျန်ခဲ့သည့် မြေမြှုပ်မိုင်း အန္တရာယ်ကို စိုးရိမ်၍ နေရပ်မပြန်ရဲဘဲ ဖြစ်နေကြောင်း စခန်းတာဝန်ခံ ဦးအောင်နိုင်ဝင်းက မဇ္ဈိမကို ပြောသည်။

“နေရပ်ပြန်ဖို့က အခက်အခဲတွေ ရှိပါတယ်။ လူတွေကတော့ သွားလာလို့ရပါတယ်။ ရပ်ရွာမှာ အပြီးသွားနေဖို့က မိုင်းအန္တရာယ်တွေနဲ့ တောလမ်းထဲက မိုင်းအန္တရာယ်တွေကို ကြောက်ရပါတယ်” ဟု ဦးအောင်နိုင်ဝင်းက ပြောသည်။

အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းတွင် တိုက်ပွဲကာလအတွင်း ထွက်ပြေးလာသည့် ကျေးရွာပေါင်း ၁၀ ကျော်က စစ်ဘေးဒုက္ခသည် ဦးရေ ၇၀၀ ဝန်းကျင်ရှိပြီး မြိုတိုင်းရင်းသားများနှင့် ခမီတိုင်းရင်းသား စစ်ဘေးရှောင်အများစု နေထိုင်ကြသည်။

စစ်ဘေးဒုက္ခသည်များသည် တဲအိမ်သာသာ အမိုးအကာအောက်တွင် ဖြစ်သလို နေထိုင်နေကြရခြင်းဖြစ်ပြီး စားဝတ်နေရေးနှင့် ကျန်းမာရေး အခက်အခဲများစွာဖြင့် ရင်ဆိုင်နေကြရသည်။

အဆိုပါ ဒုက္ခသည်များသည် လူမှုအဖွဲ့အစည်း တချို့၏ အကူအညီနှင့် ကမ္ဘာ့စားနပ်ရိက္ခာ ကူညီထောက်ပံ့ရေး အစီအစဉ် (WFP) က လစဉ်အထောက်အပံ့ တချို့ဖြင့်သာ ရပ်တည်နေကြခြင်းဖြစ်ပြီး နေ့စားအလုပ်ဖြင့်လည်း အသက်မွေးကြသည်။

“ ဆေးရုံ၊ ဆေးခန်းအတွက် အကူအညီအထောက်အပံ့တွေ လိုအပ်ပါတယ်။ စားဝတ်နေရေး၊ ကျန်းမာရေး မကောင်းတဲ့လူတွေအတွက် ကူညီထောက်ပံ့စရိတ်တွေ လိုအပ်ပါတယ်” ဟု အထက်မြတ်လှဲ စစ်ရှောင်စခန်း တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့်နှစ် နှောင်းပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီက မိုင်းရှင်းလင်းရေး လုပ်ဆောင်မည်ဟု ပြောခဲ့သော်လည်း လက်တွေ့တွင် ကားလမ်းတစ်လျှောက်တွင်သာ မိုင်းရှင်းလင်းရေး အနည်းငယ် လုပ်ဆောင်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သော ကျေးရွာများနှင့် တောတောင်များတွင် မိုင်းရှင်းလင်းရေး လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

ကျေးရွာများတွင် နှစ်ချီစွန့်ပစ်ထား၍ ပျက်စီးနေသော နေအိမ်များကို ပြန်ပြုပြင်ပေးရန်နှင့် အလုပ်အကိုင်အခွင့်လမ်း ဖန်တီးပေးနိုင်မှုများကို သေချာစိစစ်ပြီး ထောက်ပံ့ကူညီနိုင်မှသာ ကောင်းမွန်စွာ နေရပ်ပြန်နိုင်ရေး အစီအစဉ် စတင်နိုင်မည်ဟု တိမ်ညိုစစ်ဘေးရှောင်စခန်း တာဝန်ရှိသူ ဦးစိုးနိုင်က ထောက်ပြသည်။

“ စစ်ဘေးရှောင်တွေက အိမ်မပြန်ရဲကြဘူး။ ပြန်မယ်ဆိုရင်လည်း သုံးနှစ်လောက် လူမနေဘဲ ပျက်စီးနေတဲ့ အိမ်တွေကို ပြန်ပြင်ဖို့လည်း လိုပါတယ်။ အဲဒါကို NGO ဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေက လုပ်နိုင်ရင်တော့ ကောင်းပါတယ်။ ဒီအတိုင်းပြန်သွားရင် နေစရာလည်း မရှိတော့ဘူး” ဟု ဦးစိုးနိုင်က ပြောသည်။

မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် တိုက်ပွဲကာလအတွင်း အနီးအနားကျေးရွာပေါင်း ၁၀ ကျော်က အိမ်ထောင်စု ၇၇၃ စုနှင့် စစ်ဘေးဒုက္ခသည် ဦးရေ ၃၀၀၀ ဝန်းကျင်ခန့် လာရောက်ခိုလှုံနေထိုင်နေကြခြင်း ဖြစ်သည်။

ယင်းအနက် လက္ကာကျေးရွာက အိမ်ထောင်စု ၁၀၂ စုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ၏ အစီအစဉ်ဖြင့် နေရပ်ပြန်သွားသည်ဟု စခန်းတာဝန်ရှိသူက ပြောသည်။

စစ်ဘေးဒုက္ခသည်များ ခိုလှုံနေကြရသည့် စစ်ဘေးရှောင်စခန်းက တဲအိမ် အများစုသည် လက်ရှိမှာ ယိုယွင်းပျက်စီးနေပြီဖြစ်ကာ လောလောဆယ် နွေရာသီတွင် အဆင်ပြေသော်လည်း မိုးရာသီမတိုင်မီ ပြန်လည်ပြုပြင်ရန် လိုအပ်နေသည်။

ရက္ခိုင့်တပ်တော် (AA) အားကောင်းရာ ရခိုင်မြောက်ပိုင်းတွင် စစ်ရေးအခြေအနေတင်းမာမှုများ ရှိနေဆဲဖြစ်ပြီး မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်းက အာဏာသိမ်းစစ်ကောင်စီတပ်နှင့် AA တပ်ဖွဲ့တို့အကြား လေးရက်ဆက်တိုက် တကျော့ပြန် တိုက်ပွဲများ ပြင်းထန်ခဲ့သေးသည်။

ရက္ခိုင့်တပ်တော် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက AA နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တရားဝင်အပစ်ခတ် ရပ်စဲထားခြင်း မဟုတ်သည့်အတွက်ရခိုင်ပြည်နယ်အတွင်း မည်သည့်နေရာမဆို အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း မတ်လ ၅ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမကို ဖြေကြားခဲ့သည်။

ယခင်ဖြစ်ပွားခဲ့သည့် တစ်နှစ်ခွဲကျော်ကြာ တိုက်ပွဲကာလအတွင်း စစ်ဘေးဒုက္ခသည် ဦးရေ ၂၀၀၀၀၀ ခန့် ရှိခဲ့ပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသော စစ်ဘေးဒုက္ခသည် ဦးရေ ၁၅၀၀၀၀ ခန့်ရှိနေသေးကြောင်း စစ်ဘေးဒုက္ခသည် အရေး ကူညီနေသော ဒေသတွင်း အဖွဲ့အစည်းများက ပြောသည်။

ယင်းအပြင် လက်ရှိအချိန်ထိ ကျေးရွာများအနီးတဝိုက်တွင် အာဏာသိမ်း စစ်ကောင်စီတပ်သားများ တပ်စွဲနေရာယူထားခြင်းကြောင့် စစ်ဘေးဒုက္ခသည်အများစု နေရပ်မပြန်ရဲဘဲ တွန့်ဆုတ်နေကြခြင်း ဖြစ်သည်။

ရခိုင်လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းကမူ နေရပ်မပြန်နိုင်သေးသော စစ်ဘေးဒုက္ခသည်အများစုသည် တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို စိုးရိမ်နေကြခြင်းကြောင်းဖြစ်သည်ဟု ပြောသည်။

“အဓိကတော့ မူလနေရာကို ပြန်သွားမယ်ဆိုရင် သူတို့အနေနဲ့ စစ်ပွဲတွေ ထပ်ပြီးဖြစ်လာနိုင်မလားဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုလည်း ရှိတယ်။ နောက်ပြီးတော့ မူလနေရာတွေမှာ မိုင်းရှင်းလင်းရေးကလည်း မလုပ်နိုင်သေးဘူး။ သူတို့သွားတဲ့ တောတောင်တွေမှာ မိုင်းရှိနေသေးတယ်။ အဲဒါကြောင့်လည်း တစ်ချက်ပေါ့။ နောက်တစ်ချက်ကတော့ နေရပ်ပြန်မယ်ဆို စားဝတ်နေရေး၊ ပြိုပျက်နေတဲ့ အိမ်တွေကို ပြန်ဆောက်ဖို့ဟာကလည်း အဓိကကျတယ်လို့ မြင်ပါတယ်” ဟု ဦးဖေသန်းက ပြောသည်။

ထိုသို့ ကျေးရွာများတွင် မရှင်းလင်းရသေးသော မြေမြှုပ်မိုင်းအန္တရာယ်အပြင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် နယ်မြေမတည်ငြိမ်မှုများအကြား ရခိုင်စစ်ဘေးဒုက္ခသည်များ လုံခြုံအေးချမ်းစွာ နေရပ်ပြန်နိုင်ရေး အခြေအနေက အလှမ်းဝေးကွာနေဆဲဖြစ်သည်။

“အိမ်ပြန်ရမယ့်အချိန်ကို တွေးတာပေါ့။ ဒါပေမဲ့ ကြောက်စိတ်တွေ ရှိနေသေး။ နိုင်ငံရေး အခြေအနေကလည်း ဘယ်လိုဖြစ်မယ်ဆိုတာ ခန့်မှန်းမရတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောသည်။

#Mizzima

#ရခိုင်ပြည်နယ်

#စစ်ဘေးဒုက္ခသည်

#နေရပ်ပြန်နိုင်ရေး

#မိုင်းအန္တရာယ်

#ရက္ခိုင့်တပ်တော် (AA)

#WFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly