ရုရှားကို ပိတ်ဆို့အရေးယူမှုများက ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း တရုတ်ဝန်ကြီးချုပ် ပြောကြား

ရုရှားကို ပိတ်ဆို့အရေးယူမှုများက ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း တရုတ်ဝန်ကြီးချုပ် ပြောကြား

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်ခြင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရာမှ ပြန်လည် ကောင်းမွန်လာသည့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေနိုင်ကြောင်းနှင့် လက်ရှိဖြစ်ပွားနေသည့် ပြဿနာကို ရုရှားနှင့် ယူကရိန်းတို့ ညှိနှိုင်းဖြေရှင်းကြရန် တရုတ်ဝန်ကြီးချုပ် လီကေကျန်းက ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ၏ အမြင့်ဆုံး ဥပဒေပြုအဖွဲ့ဖြစ်သည့် ၁၃ ကြိမ်မြောက် နိုင်ငံတော်ပြည်သူ့ကွန်ဂရက်၏ ၅ ရက်မြောက် အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က ယခုကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကမ္ဘာ့စီးပွားရေးက အခုဆိုရင် ကိုဗစ်ကြောင့် ရုန်းကန်နေရချိန်မှာ ရုရှားကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်မယ်ဆိုရင် ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်စေဖို့ကို ထိခိုက်ပါလိမ့်မယ်။ ဘယ်သူမှ အကျိုးရှိမှာမဟုတ်ပါဘူး” ဟု လီက ပြောကြားသည်။

ပြဿနာအပေါ် ဆွေးနွေးညှိနှိုင်း အဖြေရှာရေးနှင့် ပတ်သက်၍ လီက “ယူကရိန်းမှာ ဖြစ်နေတဲ့ လက်ရှိအခြေအနေက စိတ်ပျက်စရာကောင်းပါတယ်။ ငြိမ်းချမ်းရေးအတွက် အစွမ်းကုန် ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ ပြဿနာတွေကို ကျော်လွှားပြီး အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးညှိနှိုင်းအောင် ရုရှားနဲ့ ယူကရိန်းတို့ကို ပံ့ပိုးပေးဖို့ လိုပါတယ်” ဟု ပြောကြားခဲ့သည်။

“ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်မှုမှန်သမျှကို ကျွန်တော်တို့ ထောက်ခံအားပေးပါတယ်။ တင်းမာမှုတွေ မြင့်တက်မလာအောင်၊ ထိန်းမနိုင်သိမ်းမရ ဖြစ်မလာအောင် အထူးအလေးထား ဆောင်ရွက်ဖို့ လိုပါတယ်” ဟု လည်း ၎င်းက ထည့်သွင်းပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required