နေပြည်တော်တွင် မီတာခမဆောင်သည့် အိမ်များကို စစ်ကောင်စီတပ်သားများ မီးလိုက်ဖြတ်

နေပြည်တော်တွင် မီတာခမဆောင်သည့် အိမ်များကို စစ်ကောင်စီတပ်သားများ မီးလိုက်ဖြတ်

မတ် ၁၂

နေပြည်တော်တွင် မီတာခ မဆောင်သည့် အိမ်များကို စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ရုံး တာဝန်ရှိသူများနှင့် စစ်ကောင်စီ တပ်သားများက ယနေ့ မတ်လ ၁၂ ရက်နေ့ မနက်ပိုင်း အချိန်တွင် မီးလိုက်ဖြတ်နေကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောသည်။

“ဒီမနက် လာဖြတ်သွားတာ။ ရဲက နှစ်ယောက်လောက် ပါတယ်။ စစ်သားတွေရော။ မီတာဆောင်ပြီးရင် ပြန်တပ်ပေးမယ် ပြောတယ်” ဟု နေပြည်တော် သပြေကုန်းနေ ပြည်သူတစ်ဦးက ပြောသည်။

ထိုသို့ မီးဖြတ်တောက်မှုကို ရပ်ကွက်အလိုက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ မီးဖြတ်ခံရသည့် ရပ်ကွက်က မီတာရုံးတွင် မီတာ လာဆောင် နေကြသည်ကိုလည်း တွေ့နိုင်ကြောင်း ရွှေနံ့သာရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။

“မီတာရုံးကို သွားကြည့်လိုက်၊ ဒီနေ့ ဘယ်ရပ်ကွက် ဖြတ်သွားတယ်ဆိုရင် မီတာ ရုံးမှာ အဲ့ဒီရပ်ကွက်က လူတွေကြီးဘဲ” ဟု ၎င်းကပြောသည်။

ထို့အပြင် ဇန်နဝါရီလ မီတာစာရွက် လာဝေစဉ်က မီတာ မဆောင်သည့် အိမ်ကို တစ်အိမ်ချင်း မီးလိုက်ဖြတ်မည်ဟု လျှပ်စစ်ရုံးမှ မီတာစာရွက် လာဝေသူက သတိပေးသွားကြောင်း သိရသည်။

အိမ်သုံး အမျိုးအစား လျှပ်စစ်ဓာတ်အားခ ကျသင့်ငွေနှင့် မီတာ ဝန်ဆောင်ခများကို သုံးစွဲမှု ယူနစ်အားလုံး အတွက် ခြွင်းချက်မရှိ ကင်းလွတ်ခွင့် (အခမဲ့) ပြုခြင်းနှင့် အိမ်သုံး မဟုတ်သည့် အမျိုးအစားများ အတွက် လျှပ်စစ်ဓာတ်အားခ ကျသင့်ငွေနှင့် အခြား ဝန်ဆောင်ခများ ကောက်ခံခြင်းကို သုံးစွဲမှု ယူနစ် အားလုံးအတွက် ခေတ္တ ဆိုင်းငံ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယခင်နှစ်က ထုတ်ပြန်ထားသည်။

သိုပသော် စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ရဲနှင့် စစ်သားများ ခေါ်ပြီး မီတာ မဆောင်သည့် အိမ်များကို မီးလိုက်ဖြတ်ခြင်းများ ဆောင်ရွက်လျက် ရှိသည်။

#Mizzima

#နေပြည်တော်

#သပြေကုန်း

#လျှပ်စစ်မီတာရုံး

#မီတာခ

#မီးဖြတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly