အေဒင်ရဲ့နတ်သမီး ရုပ်ရှင် ဇာတ်ကား စပြသည့်နေ့တွင် ပါဝင်သည့် အနုပညာရှင်များမှ ပရိသတ်နှင့် တွေ့ဆုံမည်

အေဒင်ရဲ့နတ်သမီး ရုပ်ရှင် ဇာတ်ကား စပြသည့်နေ့တွင် ပါဝင်သည့် အနုပညာရှင်များမှ ပရိသတ်နှင့် တွေ့ဆုံမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ။          ။ ဒါရိုက်တာ မီးပွားရိုက်ကူးသည့် အေဒင်ရဲ့နတ်သမီး ရုပ်ရှင် ဇာတ်ကား စတင်ပြသမည့် ဇန်နဝါရီ ၂၉ ရက်တွင် ရှေ့ဆောင် ရုပ်ရှင်ရုံ၌ ပါဝင်သည့် အနုပညာရှင်များမှ ပရိသတ်များနှင့် တွေ့ဆုံပြီး အမှတ်တရလက်မှတ် ရေးထိုးပေးသွားမည်ဖြစ်သည်။

အေဒင်ရဲ့နတ်သမီး ရုပ်ရှင် ဇာတ်ကားကို Heart & Soul Film နဲ့ Frenzo Production ၏ ဒုတိယအကြိမ် ပူးပေါင်း တင်ဆက် ရိုက်ကူးခြင်း ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများတွင် စတင် ပြသတော့မည် ဖြစ်သည်။

ဇာတ်လမ်း၊ ဇာတ်ညွှန်း မိုးနီလွင် ဖြစ်ပြီး ဒါရိုက်တာ မီးပွားမှ ရိုက်ကူး ပုံဖော်ထားကာ သရုပ်ဆောင်များအဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ မေဂရေ့စ်၊ ပိုင်ဖြိုးသု၊ မာရီကိုးလ်၊ မြနှင်းရည်လွင်၊ ဝင့်ယမုံလှိုင်တို့က အဓိက ပါဝင် သရုပ်ဆောင်ထားကြသည်။

ထို ဇာတ်ကားတွင် အေဒင် အဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ သျှီ (သို့) မဒီ အဖြစ် မေဂရေ့စ်၊ ဆောင်းနှင်းဆီ အဖြစ် မြနှင်းရည်လွင်၊ နတ်ပန်းချီ အဖြစ် မာရီကိုးလ်၊ လမင်းဖြူအဖြစ် ပိုင်ဖြိုးသု၊ ပန်းသစ်ခက်အဖြစ် ဝင့်ယမုံလှိုင်၊ စောသီဟ အဖြစ် သားညီတို့မှ ပါဝင် သရုပ်ဆောင်ထားသည်။

ဇာတ်ကား အကြောင်းအရာမှာ နာမည်ကြီး အဆိုတော် အေဒင်သည် သူ၏ တစ်ကိုယ်တော် စင်မြင့် ဖျော်ဖြေပွဲအပြီးမှာ ဒုရဲအုပ် ပိုင်စိုးက လူသတ်မှုဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ အေဒင် သတ်ခဲ့သူက သတင်းထောက်မလေး ပန်းသစ်ခက်။

သို့သော် အေဒင်က ပန်းသစ်ခက်ကို သူမသတ်ဟု ငြင်းဆိုသည်။ သို့သော် ပန်းသစ်ခက်က အေဒင် နေထိုင်သော ကွန်ဒို တိုက်ခန်းအောက်ရှိ ရေကူးကန်ထဲတွင် ပြုတ်ကျ သေဆုံးနေခဲ့ခြင်း ဖြစ်ပြီး မသေခင် သူမ ဦးခေါင်းကို အနီးရှိ အလှဆင် ရုပ်ထု တစ်ခုဖြင့် ရိုက်နှက်ခြင်းခံခဲ့ရသည်။ ထိုရုပ်ထုကို အေဒင်၏ အခန်းတွင် ရှာဖွေတွေ့ရှိခဲ့သည် ရုပ်ထု သက်သေကြောင့် အေဒင်ကို လူသတ်မှုဖြင့် စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။

ပန်းသစ်ခက်ကို အေဒင် သတ်မသတ် သက်သေများဖြင့် စတင် ရုံးတင်စစ်ဆေးသောအခါ ပရိသတ်များ အနေဖြင့် ယခင် ဇာတ်ကားများ နှင့် မတူညီသည့် လျို့ဝှက်မှုများ ပြည့်နေသည့် ဇာတ်ကား တစ်ခုကို ကြည့်ရှုရမည် ဖြစ်သည်။

အေဒင်ရဲ့နတ်သမီး ရုပ်ရှင် ဇာတ်ကားကို ဇန်နဝါရီ ၂၉ ရက်မှ စတင်ပြီး ရန်ကုန်မြို့ရှိ ရှေ့ဆောင်၊ သွင်၊ နဝဒေး၊ ဂျန်းရှင်းစကွဲ Cineplex စသည့် ရုပ်ရှင်ရုံများတွင် ပြသမည် ဖြစ်ပြီး မန္တလေး၊ တောင်ကြီး၊ လားရှိုးတို့တွင်လည်း ပြသသွားမည် ဖြစ်သည်။

ရှေ့ဆောင် ရုပ်ရှင်ရုံ၌ ဇန်နဝါရီ ၂၉ ရက်တွင် ပါဝင်သည့် အနုပညာရှင်များမှ နံနက် ၁၀နာရီတွင် ပရိသတ်များနှင့် တွေ့ဆုံပြီး အမှတ်တရ လက်မှတ်များ ရေးထိုးပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly