သမ္မတ သီးသန့်ရန်ပုံငွေ ကျပ်သန်း တစ်သောင်းကျော်ထဲမှ လည်ဆယ်ဝန်ကြီးဌာနမှ ၆၂ရာခိုင်နှုန်းသုံးစွဲ

သမ္မတ သီးသန့်ရန်ပုံငွေ ကျပ်သန်း တစ်သောင်းကျော်ထဲမှ လည်ဆယ်ဝန်ကြီးဌာနမှ ၆၂ရာခိုင်နှုန်းသုံးစွဲ

နေပြည်တော်၊ ဇန်နဝါရီ ၂၀ ။            ။ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာဥပဒေ (၂၀၁၅) ခုနှစ် ပြဌာန်းချက်အရ နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေအဖြစ် ကျပ်သန်းပေါင်း တစ်သောင်းကျော် (၁၂,၈၁၀,၇၃၁) သုံးစွဲခံပြီး အများစုကို လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနက သုံးစွဲခဲ့သည်။

ပြည်ထောင်စု၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာဥပဒေ ပုဒ်မ ၂၄ ၊ ပုဒ်မခွဲ (ဂ) ပါပြဌာန်းချက်အရ “ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ သီးသန့်ရန်ပုံငွေသုံးစွဲခြင်းကိစ္စ” ကို နိုင်ငံတော်သမ္မတရုံးမှ   ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ဇန်နဝါရီလ ၁၈ ရက် ရက်စွဲဖြင့်ပေးပို့ခဲ့ခြင်းဖြစ်သည်။

လယ်ဆည်ဝန်ကြီးဌာနမှ ခေါင်းစဉ် ခုနှစ်ခုဖြင့် သီးသန့်ရန်ပုံငွေ၏ ၆၂ ရာခိုင်နှုန်းကျော်ကို သုံးစွဲခဲ့ခြင်းဖြစ်ပြီး အများဆုံးသုံးစွဲမှုအဖြစ် ဧရာဝတီတိုင်းဒေသကြီးအတွင်း ချောင်းကော၊ မြောင်းကောများ တူးဖော်ခြင်း၊ ဇလွန်မြို့နယ်တွင်း ပန်တာသစ်တည်ဆောက်ခြင်း နှင့် မြစ်ကမ်းကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ခြင်း အတွက် ကျပ်သန်းပေါင်း (၃,၉၄၆,၉၄၅) ဖြင့် အများဆုံးသုံးစွဲခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ဌာနကလည်း ပြီးခဲ့သည့်နှစ် ဇွန်လ၊ ဇူလိုင်လ နှင့် သြဂုတ်လများအတွင်း ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့သော တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ရင်း/ တပ်ဖွဲ့ (၂၁၁) ခုရှိ အဆောက်အဦး ၁၁၉၂ ရေသန့် လျှပ်စစ်ဆိုင်ရာများ လမ်း နှင့် အခြားဆက်စပ်လုပ်ငန်းများ ၃၈၃ ခုတို့ပြန်လည်ပြုပြင်ခြင်းအတွက် ကျပ်သန်းပေါင်း (၃,၀၀၀,၀၀၀) သုံးစွဲခဲ့သည်။

သမ္မတ သီးသန့်ရန်ပုံငွေသုံးစွဲမှုအနက် အနည်းဆုံးသုံးစွဲမှုမှာ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ သုံးစွဲသည့် ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ်ရှိ မိကျောင်းမွေးမြူရေးစခန်းရှိ မိကျောင်းကန်များ ပြုပြင်ခြင်း နှင့် သာကေတ ရေချို သုတေသနစခန်းရှိ ငါးကန်ကြမ်းခင်းများ နှင့် ငါးသားဖောက်စခန်းရုံများ ပြုပြင်ခြင်းအတွက် ကျပ်သန်းပေါင်း (၅၂.၀၂၀) သုံးစွဲခဲ့သည်။

နိုင်ငံတော်သမ္မတ သီးသန့်ရန်ပုံငွေ ကျပ်သန်းပေါင်း တစ်သောင်းကျော် (၁၂,၈၁၀,၇၃၁) ကို ဝန်ကြီးဌာန သုံးခု နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရလေးခုတို့က ခေါင်းစဉ် (၁၄) ခုဖြင့် သုံးစွဲခဲ့ခြင်းဖြစ်သည်။၏

ကာကွယ်ရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန စသည့် ဝန်ကြီးဌာန သုံးခု နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly