တောင်ကြီးမြို့၌ ၁ ပတ်အတွင်း လူငယ် ၁၀ ဦးထက် မနည်း ဖမ်းဆီးခံရဟု ဆို

တောင်ကြီးမြို့၌ ၁ ပတ်အတွင်း လူငယ် ၁၀ ဦးထက် မနည်း ဖမ်းဆီးခံရဟု ဆို

မတ် ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၌ တစ်ပတ်အတွင်း လူငယ် ၁၀ ဦးထက် မနည်း စစ်ကောင်စီတပ် ဖမ်းဆီးခြင်း ခံရကြောင်း ဒေသတွင်း သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

‘’ တောင်ကြီးမြို့ထဲမှာ အခု မတ်လ အစပိုင်းကတည်းက ဒလန် သတင်းပေးကြောင့် စစ်တပ်က လူငယ်တွေကို တောက်လျှောက် လိုက်ဖမ်းနေတယ်။ မတ်လ ၂ ရက်နေ့ ကလည်း တောင်ကြီး မြကန်သာနားမှာ လူငယ်နှစ်ဦးကို ကားနဲ့ ဖမ်းသွားတာမျိုး ရှိတယ်။ ဘယ်သူတွေလဲတော့ မသိရသေးဘူး “ ဟု ဒေသခံက ပြောသည်။

ထို့အတူ စစ်ကောင်စီတပ်သည် တောင်ကြီးမြို့၊ လမ်းမတော်ရပ်တွင် ရှိသည့် BH Hotel ကို မတ်လ ၃ ရက် ညပိုင်းတွင် ဝင်ရောက် စစ်ဆေးပြီး ဟိုတယ်ဝန်ထမ်း ကိုဟိန်းကိုကို (ခေါ်) ကျွဲကြီးဆိုသူကို ဖမ်းဆီးခဲ့သည်။ ထိုနေ့၌ပင် တောင်ကြီးမြို့မှ မဝင်းပပ နှင့် ကိုသူရိန်ဝင်း တို့ နှစ်ဦးလည်း ဖမ်းဆီး ခံခဲ့ရသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

‘’ ကိုသူရိန်ဝင်းဆိုတဲ့ အမျိုးသားကလည်း အဲ့တစ်ညတည်းမှာပဲ အဖမ်းခံရတယ်။ ဘယ်လိုတွေ ဆက်စပ်မှု ရှိလဲတော့ မသိဘူး ” ဟု သတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးရာတွင် ဖောက်ခွဲရေး ပစ္စည်းများပါ တွေ့ရှိကြောင်း သိရပြီး စစ်ဆေးမှုများ ပြုလုပ် ပြီးနောက် ၎င်းတို့နှင့် ဆက်စပ် ပတ်သက်သူများကို ဟဲဟိုး၊ အောင်ပန်းမြို့နယ်များအထိ စစ်ကောင်စီတပ်က လိုက်လံရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

“ မနေ့က နေ့လယ်ပိုင်းတုန်းကလည်း တောင်ကြီးမြို့ ပြည်တော်သာရပ်မှာ ရှိတဲ့ မြစ်ရွှေလီ တည်းခိုခန်း အနီးမှာ လူငယ်နှစ်ဦးကို သေနတ်နဲ့ချိန် ဒူးထောက် ခိုင်းပြီး ကားတွေနဲ့ ပိတ်ဖမ်းတာတွေ ရှိခဲ့တယ်။ ညောင်ဖြူစခန်းရပ် မှာလည်း ဆိုင်ကယ် စီးလာတဲ့ လူငယ် တစ်ဦးကို ကားနဲ့ တိုက်ဖမ်းတာတွေ ရှိတယ်။ ဆက်စပ် ပတ်သက်သူတွေကို ဆက်တိုက် လိုက်ဖမ်း နေတာမျိုးလားတော့ မသိဘူး။ အဲ့ဒီနေ့ ညနေပိုင်းမှာပဲ ဟိန်းကိုကို (ခ) ကျွဲကြီးကို ကားပေါ်တင်ပြီး တောင်ကြီးမြို့ထဲက ဆက်စပ်သူ နေအိမ်တွေကို လိုက်ပြခိုင်းတာမျိုးတွေလည်း ရှိတယ်” ဟု သတင်းရင်းမြစ်က ပြောပြသည်။

တောင်ကြီးမြို့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်လျက် ရှိနေခြင်းကြောင့် တော်လှန်ရေး အဖွဲ့အစည်းများဖြင့် ဆက်စပ် ပတ်သက်သည့် လူငယ်များ အနေဖြင့် သတိထား နေထိုင်ကြရန် တော်လှန်ရေး အဖွဲ့အစည်းများက သတိ ပေးထားသည်။

#Mizzima

#တောင်ကြီးမြို့

#လူငယ်

#စစ်ကောင်စီတပ်ဖမ်းဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly