ရွာငံမြို့နယ် NLDပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် မိသားစုဝင်များကို စစ်ကောင်စီတပ် ဖမ်းဆီး

By စန်းကျိန်
07 March 2022
ရွာငံမြို့နယ် NLDပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် မိသားစုဝင်များကို စစ်ကောင်စီတပ် ဖမ်းဆီး

မတ် ၇

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝဏ္ဏနှင့် သားနှစ်ဦး အပါအဝင် ချွေးမနှင့် အခြား ရွာသားတစ်ဦး စုစုပေါင်း ငါးဦး ယနေ့ မတ်လ ၇ ရက်၊ နံနက် ၃ နာရီခန့်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ဦးစိုင်းဝဏ္ဏ သည်၂၀၂၀‌ ရွေးကောက်ပွဲ အနိုင်ရ ရွာငံမြိုနယ် အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီး ဓနုအမျိုးသား အဖွဲ့ချုပ် ဗဟို ဥက္ကဋ္ဌ ဖြစ်ကာ ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာရှိ နေအိမ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

''သူ့ကို အကြောင်းပြချက် မရှိဘဲ ဖမ်းသွားတာ။ တော်လှန်ရေးမှာ ပါလို့ ဖမ်းတာမျိုး မဟုတ်ဘူး။ သားနှစ်ယောက်၊ ချွေးမ တစ်ယောက် အပြင် မိသားစုဝင် မဟုတ်တဲ့ သူ့အိမ် ရောက်နေတဲ့ အလယ်ချောင်ရွာသား တစ်ယောက်ကိုပါ ဖမ်းခေါ်သွားတာ။ အာဏာစသိမ်းတဲ့ အချိန်တုန်းက စစ်ကောင်စီက ဦးစိုင်းဝဏ္ဏ ကို တစ်ပတ်လောက် ဖမ်းဆီး ထိန်းသိမ်း ခဲ့သေးတယ်'' ဟု ဒေသခံက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ် အင်အား ၅၀ ကျော်ဖြင့် လာရောက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း၊ မည်သည့် နေရာသို့ ခေါ်ဆောင် သွားသည်ကို မသိရကြောင်း၊ အလယ်ချောင်ရွာ တစ်ဝိုက်တွင် စစ်ကောင်စီတပ်များ သွားလာနေကြောင်း ဒေသခံများထံက သိရသည်။

#MizzimaTV

#ရွာငံမြို့နယ်

#ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်

#ဖမ်းဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required