KNU တပ်မဟာ ( ၅) နယ်မြေတွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အရပ်သား ၇ ဦး သေဆုံး

By သတင်းနှင့် မီဒီယာ ကွန်ရက်။
07 March 2022
KNU တပ်မဟာ ( ၅) နယ်မြေတွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အရပ်သား ၇ ဦး သေဆုံး

၂၀၂၂ ခုနှစ် မတ်လ ၆ ရက်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) နယ်မြေဖြစ်သည့် မူတြော်-ဖာပွန်ခရိုင်ရှိ ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ခုနစ်ဦး ထိမှန်သေဆုံးခဲ့သည်ဟု KNU ဗဟိုက မတ်လ ၆ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က မတ်လ ၅ ရက် ညနေ ၇ နာရီ ၂၀ မိနစ်ခန့်တွင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဘူးသိုမြို့နယ် ကလောဒေးကျေးရွာရှိ ကလေးငယ် နှစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ခုနစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ လေးဦး ရှိခဲ့သည်ဟု KNU က ဆိုသည်။

“ထိခိုက်သေဆုံးသူ အပြစ်မဲ့ ပြည်သူလူထု ခုနစ်ဦး အထဲတွင် သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေ ပါဝင်ခဲ့သလို ကလေးငယ် နှစ်ဦးလည်း ပါဝင်ခဲ့ပါတယ်” ဟု KNU ဗဟိုက ပြောသည်။

ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) တို့သည် ပြည်သူများ နေထိုင်ရာ ကျေးရွာများနှင့် လုပ်ငန်းခွင်များသို့ လက်နက်ကြီး အလုံး ၄၀၀ ကျော် ပစ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် မူတြော်ခရိုင် တပ်မဟာ (၅) အတွင်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ချမှုနှင့် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလအတွင်း ပြည်သူ ခုနစ်ဦး သေဆုံးခဲ့ရပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ဖေဖော်ဝါရီလ တစ်လလုံး စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်များနှင့် KNLA၊ KNDO ပူးပေါင်းတပ်တို့အကြား ထိတွေ့ ပစ်ခတ်တိုက် ခိုက်မှု ပေါင်း ၂၉၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် BGF တို့ဘက်က ၃၀၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ၂၀၉ ရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ် ရေးတပ် (KNDO) တို့ဘက်ကလည်း ခြောက်ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၃ ဦး ရှိခဲ့သည်။

ထို့အပြင် KNLA နှင့် KNDO တို့က စစ်ကောင်စီ၏ ကား ၃၅ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု KNU က ပြောသည်။

ဖေဖော်ဝါရီလအတွင်းတွင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် KNU-ဒူးသထူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်/ထားဝယ်ခရိုင်၊ မူတြော်ခရိုင် နှင့် ဒူးပလာယာ ခရိုင်တို့အတွင်းက ပြည်သူဦးရေ ၇၀၀၀၀ ကျော်က ကျေးရွာများကို စွန့်ပြီး ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူများ၏ ပြောပြချက်များအရ သိရသည်။

ဓာတ်ပုံ - တပ်မဟာ (၅) နယ်မြေအတွင်းက စစ်ဘေးရှောင် ပြည်သူများ (ပုံအဟောင်း)

#MizzimaTB

#KNUတပ်မဟာ၅

#အရပ်သားသေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly