ဟားခါးမြို့နယ် တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ ၁၇ ဉီး သေဆုံးဟု ချင်းကာကွယ်ရေးတပ်ဆို

ဟားခါးမြို့နယ် တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ ၁၇ ဉီး သေဆုံးဟု ချင်းကာကွယ်ရေးတပ်ဆို

မတ် ၆

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဖလမ်း -ဟားခါး လမ်းပေါ်ရှိ ချွန်ကျုံးကျေးရွာနှင့် ဟားခါးမြို့ကြားတွင် မတ်လ ၅ ရက်နေ့က တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၇ ဉီး သေဆုံးကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်အား မိုင်းဆွဲ တိုက်ခိုက်ရာ ခုနှစ်ဉီး သေဆုံးပြီး ည ၈ နာရီခန့် တွင် ၎င်းတို့ စခန်းချ ရပ်နားမည့် နေရာအား ဝင်ရောက် ပစ်ခတ်ရာ ၁၀ ဉီး သေဆုံးကြောင်း ချင်းအမျိုးသား တပ်မတော် CNA နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

“ကျွန်တော်တို့ မိုင်းဆွဲ တိုက်ခိုက်တာနဲ့ သူတို့ စခန်းချ ရပ်နားမဲ့ နေရာကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြတာပါ” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) CDF Hakha တာဝန်ရှိသူက မဇ္ဈိမ ကိုပြောသည်။

တင့်ကား နှစ်စီးပါ ယာဉ် ၂၂ စီး၊ အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီ ယာဉ်တန်းသည် ဖလမ်းမြို့မှ ဟားခါးမြို့သို့ ထွက်ခွာလာသည့် လမ်းတစ်လျှောက် ချင်းကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲခြင်းနှင့် ကြားဖြတ် တိုက်ခိုက်ခြင်း အကြိမ်များစွာ ခံနေရကြောင်း သိရသည်။

ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဖလမ်း - ဟားခါးကြားရှိ ရမ်ထလိုရွာ နှစ်ခြင်း သင်းအုပ် ဆရာတော် အောင်ဆွေ အသက် ၄၈ နှစ်သည် ရမ်ထလိုနှင့် ဒုတ်ထစ်ရွာအကြား တောင်ယာသို့ သွားရာက မိုင်းနင်းမိခဲ့ပြီး ဘယ်ဖက်ခြေထောက် ခြေမျက်စိ အထက်ပိုင်း ပြတ်သွားကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းချီတက်ရာ လမ်းတစ်လျှောက် မိုင်းအသေးစား အများအပြား ထောင်ခဲ့လေ့ ရှိကြောင်း CDF များအနေဖြင့် ပြည်သူများ အန္တရာယ် ကင်းရှင်းရေး ဉီးစားပေးကာ မိုင်းနှင့် တိုက်ခိုက်မှုများ ပြုလုပ်ကြောင်း ပြောဆိုသည်။

ဟာခါးမြို့နယ် ချွန်ကျုံးကျေးရွာနေ စိတ်ကျန်းမာရေး ချို့တဲ့သူ ဉီးရုန်းဟူ ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ရာ ယနေ့ ရုပ်အလောင်းအား အမှိုက်ပုံတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ စည်းကမ်းမရှိ လူသတ်ကာ နေအိမ်များ မီးရှို့၊ ပစ္စည်းများ လုယက် ဖျက်ဆီးနေသည့်  စစ်ကောင်စီတပ်သည် တရားမဝင် အကြမ်းဖက်အဖွဲ့ ဖြစ်ကြောင်း CDF Hakha တာဝန်ရှိသူက ပြောသည်။

ယနေ့တွင် အဆိုပါ စစ်ကောင်စီယာဉ်တန်း ချွန်ကျုံးကျေးရွာနှင့် နှစ်မိုင်ခန့်သာ ကွာဝေးတော့သည့် ဟားခါးမြို့သို့ ဝင်ရောက်မည် ဖြစ်ကြောင်း သိရသည်။
#MizzimaTV
#ဟားခါးမြို့
#ချွန်ကျုံးကျေးရွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly