ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်းနယ်စပ်တွင် တိုက်ပွဲဖြစ် စစ်ကောင်စီတပ်ဖွဲ့က ၇ ဦးသေဆုံး

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်းနယ်စပ်တွင် တိုက်ပွဲဖြစ် စစ်ကောင်စီတပ်ဖွဲ့က ၇ ဦးသေဆုံး
Photo - CDF Kanpetlet တပ်ဖွဲ့ဝင်များ

မတ် ၅

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်းနယ်စပ်၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့က ခုနှစ်ဦးသေဆုံးသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ယမန်နေ့ မတ်လ ၄ရက်တွင်ထုတ်ပြန်သည်။

“ကျနော်တို့ကစောင့်ကြိုပြီး တိုက်ခိုက်ခဲ့ကြတာပါ သူတို့ဖက်က မိုးရွာသလိုကျည်ကို ဖြုန်းနိုင်ကြတယ်၊ ကျနော်တို့ကတော့ ကျည်ရှားလို့ တစ်တောင့်ချင်းပစ်လို့ရတဲ့  လက်လုပ်တွေ တူမီးတွေနဲ့ ပစ်ခဲ့ကြတာ”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF Kanpetlet တာဝန်ရှိသူမှ မဇ္စျိမအားပြောသည်။

မတ်လ ၄ရက်နေ့ နံနက်အစောပိုင်းအချိန်မှစ၍ မကွေးတိုင်းကျောက်ထုဖက် စစ်ကောင်စီတပ်မှ စစ်ကြောင်း သုံးကြောင်း ချီတက်လာကြကြောင်း၊စစ်ကောင်စီတပ် စစ်ကြောင်းတစ်ကြောင်းလျှင် ၁၅၀ခန့် ဖြင့် ချီတက်လာသော စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ကြောင်း၊ ယင်းနေ့ နေ့လယ် ၁နာရီ ၄၀မိနစ်အချိန်တွင်လည်းထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်အကျအဆုံးမရှိကြောင်း ၎င်းကဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းစစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်း သုံးကြောင်းသည် ပြန်လည် ပေါင်းစုံလျက် ကန်ပက်လက်မြို့နယ်အတွင်းရှိ ရွာတစ်ရွာတွင် ညအိပ်ရပ်နားမည်ဟု ခန့်မှန်းပြော ဆိုသည်။

စစ်ကောင်စီတပ်သည် နယ်မြေစိုးမိုးရေးနှင့် ၎င်းတို့ ကာကွယ်ရေးတပ်များအား တိုက်ခိုက်ရန်လာခြင်း ဖြစ်နိုင်ကြောင်း၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမှ အထိနာ၍ ပြန်လည်ဆုတ်ခွါလာကြရာအပြန်လမ်း ချောမွေ့လွယ်ကူစေနိုင်ရေးအတွက် ယခုကဲ့သို့ စစ်ကြောင်းထိုး လာခြင်းမှာ အာရုဏ် လွှဲခြင်းမျိုး ဖြစ်နိုင်ကြောင်း စစ်ရေးအခြေအနေကို သုံးသပ်ပြောဆိုထားသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ် လှုပ်ရှားသွားလာမှုများအား ဒေသကာကွယ်ရေးတပ်များဆီသို့ အချိန်နှင့် တစ်ပြေးညီသတင်းပို့ပေးခြင်းအားဖြင့် ကူညီကြရန်၊ စစ်ကြောင်း လမ်းကြောင်းပေါ်ရှိနေသူများ အနေဖြင့် သတင်းထုတ်ပြန်ချက်များနှင့် ပြည်သူ့အုပ်ချုပ်ရေးများ၏ အစီအမံများအား တိတိကျကျလိုက်နာပေးကြပါရန် အသိပေးကြောင်းဆိုသည်။

ဖေဖော်ဝါရီလ ၂၈ရက်နေ့ကလည်း ဆောမြို့နယ် ဆွဲလွဲကျင်းရွာနှင့် ကန်ပက်လက်မြို့နယ် မဆာတွီရွာအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း CDF Kanpetlet ထံမှသိရသည်။

#ချင်းပြည်နယ်
#ကန်ပက်လက်
#ကာကွယ်ရေးတပ်ဖွဲ့
#စစ်ကောင်စီ
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly