စစ်ကောင်စီ ဖမ်းဆီးထားသည့် ကော့မှူးမြို့နယ် NLD အလုပ်အမှုဆောင်အား ရုံးထုတ်စစ်ဆေး

စစ်ကောင်စီ ဖမ်းဆီးထားသည့် ကော့မှူးမြို့နယ် NLD အလုပ်အမှုဆောင်အား ရုံးထုတ်စစ်ဆေး

မတ် ၄

စစ်ကောင်စီက ဖမ်းဆီးထားသည့် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် NLD အလုပ်အမှုဆောင် ဦးလေးကိုကိုအား ပုဒ်မ ၅၀၅ ကဖြင့် ယနေ့ မတ်လ ၄ ရက်တွင် ကော့မှူးမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေးကြောင်း မိသားစုနှင့် နီးစပ်သူထံမှ သိရသည်။

“ဒီနေ့ ၅၀၅ က နဲ့ ကော့မှူးတရားရုံးမှာ စွဲချက်တင်တယ်။ ၁၄ရက်နေ့ ရုံးချိန်း ထပ်ချိန်းတယ်။ အဲ့နေ့ကတော့ အင်းစိန်မှာ ရုံးထုတ်မယ်လို့ သိရတယ်” ဟု မိသားစုနှင့် နီးစပ်သူက မဇ္ဈိမအားပြောသည်။

အသက် ၅၆ နှစ်အရွယ် ဦးလေးကိုကိုမှာ ကော့မှူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံဖြစ်ပြီး ပုဒ်မ ၅၀၅ က ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်သည်။
၎င်းမှာ ကော့မှူးမြို့နယ်၊ အဖျောက်ကျေးရွာရှိနေအိမ်သို့ မိသားစုကိစ္စဖြင့်သွားရောက်စဉ် လမ်း၌ စစ်ကောင်စီ၏ ဖမ်းဆီးခံရခြင်းဖြစ်သည်။ 

ဖမ်းဆီးခံရချိန် စစ်ကောင်စီလက်ပါးစေများက အိမ်စီးကားအမဲ နှစ်စီး၊ အင်အား ၁၀ ယောက်ခန့်ဖြင့် အဖျောက်ကျေးရွာရှိ လမ်းတစ်နေရာတွင် ပိတ်ဆို့တားဆီးကာ ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်းလည်း နီးစပ်သူက ပြောသည်။

ဖမ်းဆီးခံရစဉ် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း လက်ရှိပြန်လည်သက်သာနေပြီဟု ကြားသိရသည်။ လက်ရှိ ကော့မှူးမြို့နယ် ရဲစခန်းတွင်ဖမ်းဆီးထားဆဲဖြစ်ကာ အမိန့်ချမှတ်ရန် စောင့်ဆိုင်းနေရသည်။

“သူ့မိသားစုကိုတော့ စိတ်သက်သာရာရအောင် သူ့ရဲ့ကျန်းမာရေးအခြေအနေကောင်းကြောင်း၊ အဆင်ပြေကြောင်း ပြောရှာတယ်။ အခု လောလောဆယ် ကော့မှူးရဲစခန်းမှာပဲ။ ၉ရက်နေ့မှ အင်းစိန်ပို့မယ်လို့တော့ကြားတယ်။ ဒါပေမဲ့ မသေချာသေးဘူး” ဟု မိသားစုနှင့် နီးစပ်သူက ဆိုသည်။

၎င်းအား ၂၀၂၁ ခုနစ်၊ မတ်လ ကတည်းက ပုဒ်မ ၅၀၅ က ဖြင့် အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဝရမ်းထုတ်ထားခြင်းကြောင့် တိမ်းရှောင်နေခဲ့ရကာ ယခုနှစ် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် နေအိမ်သို့ခေတ္တပြန်လာစဉ် လမ်း၌ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ခေါင်းဆာင်ပိုင်းများအား မတရားသဖြင့်ပုဒ်မတပ်ကာ ဖမ်းဆီးတရားစွဲဆိုမှုများ ပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly