ထားဝယ်မြို့၌ ၂ ရက် အတွင်း ပြည်သူ ၃ ဦး ဖမ်းဆီးခံရ

By ကိုရွှေမြိတ်
03 March 2022
ထားဝယ်မြို့၌ ၂ ရက် အတွင်း ပြည်သူ ၃ ဦး ဖမ်းဆီးခံရ

မတ် ၃

ထားဝယ်မြို့၌ နှစ်ရက် အတွင်း အမျိုးသား သုံးဦး ဖမ်းဆီးခံရကြောင်း မြို့ခံများထံက သိရသည်။

ထားဝယ်မြို့ ၊ ဆန်းချီရပ်ကွက် လမ်းဆုံရှိ တည်ခိုခန်း အနီး၌ Vigo ကား တစ်စီးနှင့် လူနှစ်ဦးကို မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီက ရိုက်နှက် ဖမ်းဆီးခဲ့ပြီး ယနေ့ မတ်လ ၃ ရက်နေ့ နံနက် ၈ နာရီတွင်လည်း သင်္ဘောဆိပ် ရပ်ကွက် ယင်းမာလမ်း၌ နေထိုင်သူ အမျိုးသား တစ်ဦးကို ဖမ်းဆီးခဲ့သည်။

"အိမ်စီးကား နှစ်စီးနဲ့ ဝင်လာပြီး ဖမ်းသွားတယ်။ ဘာဖြစ်လို့လဲတော့ မသိဘူး။ ၉ နာရီ ကျော် လောက်မှ လမ်းထဲက စစ်သားတွေ ပြန်ထွက်သွားတယ်" ဟု ယနေ့ ဖမ်းခံရသည့် ဖြစ်စဉ်နှင့် ဆက်စပ်၍ ထားဝယ်မြို့ခံ တစ်ဦးက ပြောသည်။

ယခု ရက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့သည် ထားဝယ်ရုံးကြီး မီးပွိုင့် အနီးနှင့် နေရာ အချို့၌ နေရာယူကာ လမ်းသွား လမ်းလာ ပြည်သူမျာကို အကြောင်းမဲ့ အတင်းအကျပ် စစ်ဆေးမှုများ ပြုလုပ်ကာ ဖမ်းဆီးနေကြောင်း မြို့ခံများထံက သိရသည်။

"ဘာကြောင့် ဖမ်းနေတာလည်းတော့ မသိဘူး။ သူတို့တွေက ရုတ်တရက် ဆိုသလို ကားတွေနဲ့ ရောက်လာပြီး ဖမ်းဆီးသွားတာ များတယ်" ဟု ဒေသခံ တစ်ဦးက ပြောသည်။

#MizzimaTV

#ထားဝယ်

#ပြည်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly