ဒီမိုကရေစီ အင်အားစုများစည်းလုံးညီညွတ်ရေး မရှိမဖြစ်လိုအပ်ဟု SSPP ဆို

ဒီမိုကရေစီ အင်အားစုများစည်းလုံးညီညွတ်ရေး မရှိမဖြစ်လိုအပ်ဟု SSPP ဆို

ဖေဖော်ဝါရီ ၂၆

ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ပြည်တွင်းစည်းလုံးညီညွတ်ရေး မရှိမဖြစ် လိုအပ်လာပြီဟု ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) က ထုတ်ပြန်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဌာနချုပ် ဝမ်ဟိုင်းတွင် ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက် နေ့အထိ ပြုလုပ်ခဲ့သော “၂၀၂၁ ခုနှစ် တိုးချဲ့ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေး” ထုတ်ပြန်ချက်တွင် ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။

“ပြည်ထောင်စု အတွင်းရှိ ဖက်ဒရယ် ဒီမိုကရေစီကိုလိုလားသော အင်အားစုများ စုစည်းကာ စည်းလုံးညီညွတ်သော အခြေအနေတစ်ရပ်ဖြစ်အောင်ကြိုးပမ်း တည်ဆောက်ရမည်” ဟု SSPP ကဆိုသည်။

ဘုံနိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေး ဖက်ဒရယ် ဒီမိုကရေစီကို လိုလားသော မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟုလည်း ဖေဖော်ဝါရီ ၂၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။

လက်ရှိ ဖြစ်ပွားနေသည့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကိုအခြေခံသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ခြင်းသာဖြစ်ကြောင်း ဖော်ပြသည်။

ဖက်ဒရယ် ဒီမိုကရေစီသည် ပြည်ထောင်စုတိုင်းရင်းသား အားလုံး၏ ဘုံနိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်အဖြစ် ချမှတ်မှသာ စည်းလုံးညီညွတ်သော ပြည်ထောင်စုခရီးရှေ့ဆက်နိုင်မည်ဟုလည်း SSPP ကထောက်ပြသည်။

ယင်းတိုးချဲ့ ဗဟိုကော်မတီမျက်နှာစုံညီ အစည်းအဝေးကို ဗိုလ်ချုပ်ကြီးဆေထင် သဘာပတိအဖြစ် တက်ရောက်ခဲ့ပြီး ဗဟိုကော်မတီဝင် ၂၄ ဦးစုစုပေါင်း ၃၈ ဦးဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေး၌ ဒေသဖွံ့ဖြိုးရေးနှင့် မူးယစ်ဆေးဝါး ပြဿနာများကိုလည်း ဆွေးနွေးခဲ့ပြီး အရေးကြီး လုပ်ငန်းစဉ်အဖြစ် အဆင့်ဆင့်ကြိုးပမ်းမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) သည် ရှမ်းပြည်မြောက်ပိုင်းတွင် အဓိက လှုပ်ရှားသည့် ရှမ်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး မကြာမီက ရှမ်းတောင်တပ်ဖွဲ့ဟု ခေါ်ဝေါ်ကြသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

#SSPP

#ဖက်ဒရယ်ဒီမိုကရေစီ

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required