လူသတ်၍ PDF အားပုံဖျက်သည့် ပျူစောထီး ၃ ဦးအား MPDF Gangaw ဖမ်းဆီးအရေးယူ

လူသတ်၍ PDF အားပုံဖျက်သည့် ပျူစောထီး ၃ ဦးအား MPDF Gangaw ဖမ်းဆီးအရေးယူ

ဖေဖော်ဝါရီ ၂၄

ပြည်သူ့ကာကွယ်ရေး တပ်သားများ အသွင် ဟန်ဆောင်ကာ PDF တပ် အထက်အဖွဲ့အစည်းမှ အမိန့်ပေး၍ သတ်ရပါသည်ဟု PDF များအား ပြည်သူများမှ အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် လူသတ်ခဲ့သည့် ပျူစောထီး သုံးဦးအား MPDF Gangaw က ဖမ်းမိထားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မဲကျေးရွာမှ အသက် ၃၁ နှစ်အရွယ် ဦးသွက်ဦး (ခ) သန့်ဇင်ဦးကို ၎င်းတို့သုံးဦးက ဖမ်ဆီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဦးသွက်ဦး(ခ) သန့်ဇင်ဦးနှင့် ဇနီးဖြစ်သူ ဒေါ်ချမ်းမြေ့သူ အသက် ၃၁ နှစ်တို့ နေထိုင်သော မဲကျေးရွာ၏ အရှေ့မြောက်ဘက် စစ်နှီးကြိုးဝိုင်း အကွက် အမှတ် (၁၅) အတွင်း ရှောက်ချောင်းတော (ဒေသ အခေါ်) ရှိ လယ်စောင့်တဲသို့ စစ်ကောင်စီ လက်ပါးစေ ပျူစောထီးသုံးဦး လာရောက်ကာ ယောကျ်ားဖြစ်သူအား အခြား နေရာသို့ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးအား လက်ပြန်ကြိုးတုတ် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ကျွန်တော့်ဆီကို အဲ့ညက အသိတစ်ဦးထံက ဖုန်းဝင်လာတယ်၊ အမျိုးသမီး တစ်ဦး ဒဏ်ရာတွေနဲ့ ရောက်လာကြောင်း သိရတယ်၊ သူ့ယောက်ျားလည်း ဖမ်းခံရတယ်ဆိုပြီး ပြောတယ်။ ဒေါ်ချမ်းမြေ့သူ ဖြစ်နေတယ်၊ ပျူသုံးဦး ထမင်းချက်စားနေတုန်း ထွက်ပြေး လွတ်မြောက်လာတာ၊ သူက ဖမ်းတဲ့သူတွေရဲ့ ပုံစံတွေလည်း ပြောတယ်၊ တစ်ယောက်က ခြေထောက် ထော့ကျိုးနဲ့တဲ့ စုစုပေါင်း သုံးယောက်တဲ့” ဟု "Master" PDF Gangaw ဦးဆောင်သူ ဗိုလ်ဓူဝံက ပြောသည်။

နောက်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ဦးခေါင်းကွဲ ဒဏ်ရာ လည်ပင်း အညိုမဲ ဒဏ်ရာများဖြင့် သေဆုံးနေသည့် ဦးသွက်ဦး၏ ရုပ်အလောင်းအား ၎င်း၏ လယ်စောင့်တဲနှင့် သုံးဖာလုံခန့် အကွာတွင် ပြန်တွေ့ရခြင်း ဖြစ်သည်။

ထိုအမှုအား "Master" PDF Gangaw တပ်ဖွဲ့က စုံစမ်းခဲ့ပြီး ၁၂ ရက်အကြာတွင် တရားခံ ပျူစောထီး သုံးဦးအား ခြေရာခံမိကာ ကိုဖိုးထောင် (ခ) ချမ်းမြင့်အောင် အသက် ၂၁ နှစ် (ခြေထောက်ထော့ကျိုး)၊ ကိုဇော်ဖြိုးဝေ အသက် ၁၈ နှစ်နှင့် ်ကိုနိုင်ဖြိုးထွေး အသက် ၁၅ နှစ်တို့ ညီအစ်ကို သုံးယောက်အား ဖမ်းဆီးနိုင်ခဲ့သည်။

“ကျွန်တော်တို့ တပ်ဖွဲ့တွေ နေ့နေ့ညည စောင့်ကြည့်ပြီး ခြေရာခံနေတာ ရက်တွေ တော်တော်ကြာတော့ သူတို့ကို ဂန့်ဂေါနယ် တစ်နေရာမှာ အငယ်ဆုံး ကောင်လေးကို စမိတယ်၊ နောက်သူ့ထွက်ဆိုချက်ကြောင့် အကြီးနှစ်ဦးကိုလည်း သူတို့စခန်းချတဲ့ နေရာမှာ ဖမ်းမိတယ်” ဟု ဗိုလ်ဓူဝံက လူသတ်တရားခံဟု ယူဆရသူ ပျူစောထီး သုံးဦးအား ဖမ်းမိပုံကို ရှင်းပြသည်။

၎င်းတို့ သုံးဦးအား "Master" PDF Gangaw တပ်ဖွဲ့မှ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ရာတွင် အောက်ပါအတိုင်း ထွက်ဆိုကြောင်း သိရသည်။

“လယ်စောင့်တဲနှင့် သုံးဖာလုံခန့် အရောက်တွင် ကိုဖိုးထောင်(ခ) ချမ်းမြင့်အောင်မှ ဦးသွက်ဦး (ခ) သန့်ဇင်ဦးကို ရင်ဘတ်အား ခြေထောက်ဖြင့် ဆောင့်ကန်လိုက်ရာ သစ်ပင်ကြားသို့ ပက်လက်လန် လဲကျသွားစဉ် ကြိုးဖြင့် လည်ပင်းအား ဆွဲညှစ်ထားကာ ကိုဇော်ဖြိုးဝေမှ ကျောက်ခဲဖြင့် နဖူး၊ ဦးခေါင်းတို့ကို ငါးချက် ထုနှက် သတ်ဖြတ် သဖြင့် ဦးသွက်ဦး (ခ) သန့်ဇင်ဦးမှာ ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်” ဟု ၎င်းတို့ ကျူးလွန်ခဲ့သည့် လူသတ်မှုအတွက် ကိုဖိုးထောင် က ထွက်ဆိုသည်ဟု သိရသည်။

ဇနီးဖြစ်သူ ဒေါ်ချမ်းမြေ့သူကို သုံးယောက်ပေါင်းကာ ဖမ်းဆီး၍ ငါးမိုင်ခန့် အကွအဝေးသို့ ခေါ်ဆောင်သွားကာ အဝတ်များဖြင့် ဖုံးအုပ်ပြီး ကြိုးဖြင့် ချည်နှောင်ကာ ရိုက်နှက် နှိပ်စက်ခြင်း၊ သတ်ဖြတ်ရန် ကြံစည်ခြင်းများ ပြုလုပ်ခဲ့ သော်လည်း ဒေါ်ချမ်းမြေ့သူ ကံကောင်း ထောက်မစွာဖြင့် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

လူသတ်တရားခံ သုံးဦးအား လူသတ်ရခြင်း အကြောင်းအရင်းကို စစ်ဆေးမေးမြန်းရာ ၎င်းတို့သုံးဦးမှ PDF အသွင် ဟန်ဆောင်ကာ PDF တပ်ရင်း အထက် အဖွဲ့အစည်းမှ အမိန့်ပေး၍ သတ်ရပါသည်ဟု PDF များအား ပြည်သူများမှ အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်ခဲ့ကြောင်း ၎င်းတို့အား ခိုင်းစေသူများမှာ ပျူစောထီးများ ဖြစ်ကြသော ကလေး-ဂန့်ဂေါ နယ်စပ်ရှိ ကြံသာကျေးရွာမှ ဦးကျော်လင်းဆွေ၊ ဦးမင်းခန့်အောင် တို့ ဖြစ်ကြောင်း အသိသက်သေများ ရှေ့မှောက်တွင် ထွက်ဆိုခဲ့ကြောင်း ဗိုလ်ဓူဝံက ပြောသည်။

ထို့အပြင် ခိုးရာပါ ပစ္စည်းများ လက်ဝယ်တွေ့ရှိ၍ ဆက်လက် စစ်ဆေးရာ ခိုးမှုပေါင်း ၁၂ မှု ပေါ်ပေါက်ခဲ့ကြောင်း သက်သေခံ ပစ္စည်းများနှင့်အတူ "Master" PDF Gangaw မှ မှတ်တမ်း ဓါတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

“လက်ရှိ အချိန်မှာတော့ အကြီးနှစ်ဦးကို ကျွန်တော်တို့ အထက်တပ်ရင်းကို ပို့လိုက်တယ်၊ ပျူစောထီး သတင်းတွေနဲ့ ပတ်သက်ပြီး စစ်ဆေးစရာတွေ ရှိနေသေးလို့ပါ၊ ပြီးတော့ သူတို့ ကျူးလွန်ခဲ့တဲ့ အပြစ်အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံရမှာပါ၊ အငယ်ဆုံး တစ်ယောက်ကိုတော့ အသက် မပြည့်သေးလို့ရယ် နောက်ပြီး လူသတ်တဲ့ အထဲမှာလည်း မပါတဲ့အတွက် ကျွန်တော်တို့ တပ်ဖွဲ့မှာဘဲ စိတ်ဓာတ်ပြုပြင်ရေး လုပ်ပေးပြီး စောင့်ကြည့် နေပါတယ်” ဟု ဗိုလ်ဓူဝံက ဆိုသည်။

ထိုတရားခံ ပျူစောထီးသုံးဦး၏ ဇာတိကျေးရွာအား အဖွဲ့လုံခြုံရေး အခြေအနေကြောင့်ဟု ဆိုကာ"Master" PDF Gangaw မှ ပြောဆို ဖြေကြားခြင်း မရှိပေ။

"Master" PDF Gangaw တပ်ဖွဲ့သည် စစ်အာဏာရှင်စနစ်ကို တော်လှန် တိုက်ထုတ်ခြင်း၊ မိမိတို့ဒေသ ဂန့်ဂေါမြို့နယ် အတွင်းရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ် စောင့်ရှောက်ခြင်း၊ မူးယစ်ဆေးဝါးနှင့် အခြား ဒုစရိုက်လုပ်ငန်းများ ပပျောက်စေရေး ဖော်ထုတ် ဖမ်းဆီး အရေးယူနိုင်ရန် အစဉ်တစိုက် ကြိုးစားမည် ဖြစ်ကြောင်း ပြည်သူများသို့ သတင်းစကား ပါးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly