မြန်မာပြည်သူများအရေး နှောင့်နှေးခြင်း မရှိစေဘဲ ဖြေရှင်းရမည်ဟု အင်ဒိုနီးရှား သမ္မတ ပြော 

မြန်မာပြည်သူများအရေး နှောင့်နှေးခြင်း မရှိစေဘဲ ဖြေရှင်းရမည်ဟု အင်ဒိုနီးရှား သမ္မတ ပြော 

ဖေဖော်ဝါရီ ၂၄

မြန်မာပြည်သူများသည် ငြိမ်းချမ်းခြင်း၊ ချမ်းသာကြွယ်ဝခြင်းနှင့် ဒီမိုကရေစီတို့ကို ရပိုင်ခွင့်ရှိသည်ဟု ပြောဆိုလျက် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုသည် မြန်မာပြည်သူများအတွက် လက်ငင်းဖြစ်သော ဖြေရှင်းပေးမှုကို တိုက်တွန်းလိုက်သည်။ 

“မြန်မာပြည်သူတွေအတွက် မျှတတဲ့ ဖြေရှင်းမှုကို ပေးနိုင်ဖို့ ကျွန်တော်တို့ ကူညီကြရမှာ ဖြစ်တယ်၊ နောက်ထပ် ဘယ်လို နှောင့်နှေးခြင်းမှ မရှိစေရဘူး”ဟု ဝီဒိုဒိုက သူ့ရဲ့ တွစ်တာအကောင့်၌ ဗုဒ္ဓဟူးနေ့က ရေးသားသည်။ 

ငြိမ်းချမ်းရေး၊ ချမ်းသာကြွယ်ဝမှုနှင့် ဒီမိုကရေစီ ရပိုင်ခွင့်များ ရှိခြင်းကြောင့် မြန်မာပြည်သူများ၏ အခွင့်အရေးများအတွက် တိုက်ပွဲဝင်သူတိုင်း မရပ်တန့်ရန်လည်း ၎င်းက တိုက်တွန်းသည်။ 

မြန်မာအရေးတွင် သူ့၏ စိုးရိမ်ပူပန်မှုကို သမ္မတ ဝီဒိုဒိုက ဖော်ထုတ်ပြောဆိုလေ့ ရှိသည်။ စင်ကာပူခေါင်းဆောင်နှင့် တွေ့ဆုံစဉ်ကလည်း မြန်မာအတွက် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေးသည် အရေးကြီးသည်ဟု ထပ်လောင်းပြောဆိုခဲ့သည်။ 

မြန်မာသမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် အာဆီယံနိုင်ငံခေါင်းဆောင်များသည် ဘုံ ငါးချက် အာဆီယံ သဘောတူညီမှုကို သဘောတူထားကြခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အဆုံးသတ်ရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးပို့ရေး၊ အားလုံးသော သက်ဆိုင်ရာ ပုဂ္ဂိုလ်များကြား အသက်ဝင်သော ဆွေးနွေးပွဲများ ကျင်းပရေး၊ စေ့စပ်ညှိနှိုင်းမှုများနှင့် ဆွေးနွေးပွဲများ လွယ်ကူချောမွေ့စေရေး အာဆီယံ ခေါင်းဆောင်များ ရွေးချယ်သော သံတမန် စေလွှတ်ရေးတို့အပြင် မြန်မာနိုင်ငံသို့ အာဆီယံ ကိုယ်စားလှယ် သွားရောက်ရေးတို့ကို ဦးတည်ချက် ထားသည်။ 

အဆိုပါ သဘောတူညီချက် အကောင်အထည်ဖော်ရေးတွင် လက်ရှိအထိ သိသာသော ဖြစ်ထွန်းမှု မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောသည်။ 

“မြန်မာနိုင်ငံက ပဋိပက္ခနဲ့ ပတ်သက်ပြီး ကျွန်မတို့ စိုးရိမ်နေဆဲ ဖြစ်တယ်၊ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေး သိသာတဲ့ တိုးတက်မှု မရှိဘူး၊ အာဆီယံနိုင်ငံအားလုံးက သဘောတူညီချက် ငါးရပ် ဖြစ်ထွန်းတိုးတက်မှုကို မျှော်လင့်ထားတာ ဖြစ်တယ်”ဟု ဖေဖော်ဝါရီ ၁၇ ရက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly