နောင်ချိုမြို့ ရထားဘူတာ ရဲကင်းစခန်း တိုက်ခိုက်ခံရ၊ ပြည်သူ ၂ ဦး လက်နက်ကြီးထိမှန်

နောင်ချိုမြို့ ရထားဘူတာ ရဲကင်းစခန်း တိုက်ခိုက်ခံရ၊ ပြည်သူ ၂ ဦး လက်နက်ကြီးထိမှန်

ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင် နောင်ချိုမြို့တွင် ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၁ နာရီခွဲတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အရပ်သား နှစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိသွားကြောင်း နောင်ချိုမြို့ ဒေသခံက မဇ္ဈိမကို အတည်ပြုသည်။

နောင်ချိုမြို့ ညောင်ဇီးရပ်ကွက်၊ အမှတ် (၂) မီးရထားဘူတာရှိ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲကင်းစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ပြည်သူ နှစ်ဦးထိတယ်။ ဘူတာနားလေးကပဲ။ တိုက်ပွဲက တော်တော်ပြင်းတယ်။ ၆၀ မမ၊ ၁၂၀ မမ တွေနဲ့ ပစ်တာ။ ပြည်သူတွေအကုန်လုံး အထုတ်တွေနဲ့ လမ်းပေါ်ထွက်ထိုင်နေကြတာ။ ပိုကြမ်းလာရင် စစ်ဘေး ရှောင်ကြရတော့မှာပေါ့” ဟု နောင်ချိုမြို့ခံက မဇ္ဈိမကို ပြောသည်။

နှစ်ဖက်ထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ နီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး အချက် ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထိုလက်နက်ကြီးအစ ထိမှန်၍ အသက် ၅၀ ကျော်အရွယ် ပြည်သူနှစ်ဦးမှာထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာမပြင်းထန်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် ကျဆုံးမှုကို မသိရသေးပေ။

"မနေ့ညက လက်နက်ကြီးတွေ ပစ်တာ။ စက်သေနတ်တွေနဲ့ တောက်လျှောက်ဆွဲကြတာ။ မနားတမ်း အမြန်ဆွဲကြတာ။ တော်တော်ဆိုးပါတယ်။ ဒီလိုမျိုး တစ်သက်နဲ့တစ်ကိုယ် မကြားဖူးဘူး” ဟု တိုက်ပွဲအခြေအနေကို ဒေသခံက ပြောပြသည်။

ထိုသို့တိုက်ပွဲဖြစ်ပြီးနောက် နောင်ချိုမြို့အဝင်၊ အထွက် ဂိတ်များကို အာဏာသိမ်းစစ်ကောင်စီဘက်က ပိတ်လိုက်ပြီးနောက် နံနက် ၄ နာရီခန့်အချိန်တွင် ပြန်ဖွင့်လိုက်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဂုတ်တွင်းထိပ်တွင် ရဲအင်အားလုံခြုံရေးအပြည့် ထိုးမြှင့်ချထားပြီး နောင်ချိုမြို့ပေါ်တွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားတိုးမြှင့်ကာ ကားများဖြင့်လှည့်ကင်းပတ်နေကြကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - ပစ်ခတ်ခံရသည့် ရဲကင်းစခန်း မြင်ကွင်း

#စစ်ကောင်စီစစ်တပ်

#နောင်ချို

#PDF

#ရဲကင်းစခန်း

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required