ဂျာကာတာ ဗုံးခွဲပစ်ခတ်မှုနှင့် ပတ်သက်၍ နောက်ထပ် မသင်္ကာသူများကို ရဲတပ်ဖွဲ့ဖမ်းဆီး

ဂျာကာတာ ဗုံးခွဲပစ်ခတ်မှုနှင့် ပတ်သက်၍ နောက်ထပ် မသင်္ကာသူများကို ရဲတပ်ဖွဲ့ဖမ်းဆီး

ဂျာကာတာ၊ ဇန်နဝါရီ ၁၈ ။            ။ လွန်ခဲ့သည့် သီတင်းပတ်က အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာတွင် သေဆုံးမှုများဖြစ်စေခဲ့သည့် ဗုံးခွဲပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ နောက်ထပ်သံသယ ရှိသူများကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ဆူဟာဆိုနိုက ဂျာကာတာမြို့တော်ရဲတပ်ဖွဲ့၏ သတင်းရင်းမြစ်တစ်ခုကိုကိုးကား၍ ဇန်နဝါရီ ၁၈ တွင် ထုတ်ဖော်ပြောကြားခဲ့ သည်။

အကြမ်းဖက်တိုက်ခိုက်မှုအား စုံစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ် အဆိုပါ သံသယရှိသူများကို အရှေ့ကာလီမန်တန်၊ အရှေ့ဂျာဗား၊ အနောက်ဂျာဗားနှင့် ဂျာကာတာအပါအဝင် နိုင်ငံတစ်ဝန်းရှိ နေရာ အသီးသီးမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"ပထမဗုံးကွဲတော့ လူတွေက မြန်မြန်ဆန်ဆန်ပဲ ဘာတွေဖြစ်နေလဲဆိုတာ သိချင်တဲ့အတွက် စုပြုံလာပါတယ်။ သူတို့က ရဲတပ်ဖွဲ့ကို ကူညီရမဲ့အစား ဓါတ်ပုံတွေ၊ ဆဲလ်ဖီတွေရိုက်ဖို့ ပိုပြီးစိတ်ဝင်စားနေတယ်" ဟု အခင်းဖြစ်သည့်နေရာတွင် ရှိနေခဲ့သော ရဲအရာရှိတစ်ဦးဖြစ်သူ အန်တွန်ဆန်ဂါဂျီက သတင်းထောက်များကို ပြောကြားခဲ့သည်။

အရပ်သားတစ်ဦးမှာ ယင်းသို့ဓါတ်ပုံရိုက်ရင်း အသက်ဆုံးရှုံးခဲ့သည်ဟု ၎င်းကပြောသည်။ ဇန်နဝါရီ ၁၄က ဂျာကာတာတွင် ဗုံးခွဲမှုများ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ မူလက ကျူးလွန်သူငါးဦးနှင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ပြီး ၃၄ ဦးခန့် ဒဏ်ရာရရှိခဲ့သော်လည်း ဇန်နဝါရီ ၁၆ က အနီးရှိ ဘဏ်ဝန်ထမ်းတစ်ဦးလည်း ဒဏ်ရာများကြောင့် သေဆုံးခဲ့ရာ စုစုပေါင်းရှစ်ဦးသေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly