မြင်းမူ၌ ဒေသကာကွယ်ရေးတပ် စခန်းကို စစ်ကောင်စီ ဝင်စီး၊ ရဲဘော် ၂ ဦးကျဆုံး၊ ၁၀ ဦး ဖမ်းဆီးခံရ

မြင်းမူ၌ ဒေသကာကွယ်ရေးတပ် စခန်းကို စစ်ကောင်စီ ဝင်စီး၊ ရဲဘော် ၂ ဦးကျဆုံး၊ ၁၀ ဦး ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၁

မြင်းမူမြို့နယ် စံတင်ကင်းကျေးရွာ အနီးရှိ ဒေသကာကွယ်ရေးတပ်၏ ဆေးတပ် စခန်းကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်တိုက်ခဲ့ရာ ရဲဘော်နှစ်ဦး ကျဆုံးပြီး ၁၀ ဦး အဖမ်းခံခဲ့ရသည်ဟု မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောသည်။

စစ်ကောင်စီတပ်က အင်အား ၁၁၀ ဝန်းကျင်ဖြင့် မြင်းမူလင်းယုန်နက် ကာကွယ်ရေး တပ်ဖွဲ့( Black Eagle Defence Force MMU) ၏ ဆေးတပ်စခန်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“နှစ်ယောက် သေပါတယ်။ ရဲဘော် တစ်ယောက်က နဂိုထဲက ဒဏ်ရာရနေတာ ၊ဆေးတပ်က တစ်ယောက်က သွားကယ်တာ လက်နက်ကြီး ကျပြီး နှစ်ယောက်လုံး ကျဆုံး သွားခဲ့တာပါ။ ရဲမေ ခုနှစ်ဦး နဲ့ ရဲဘော် သုံးဦးက ဖမ်းဆီးခြင်း ခံလိုက်ရပါတယ်။ အကုန်လုံး အသက် ၂၀ ကျော် လေးတွေပါ“ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် အဖွဲ့ဝင်က ပြောသည်။

အဆိုပါစခန်း အတိုက်ခံရမှုကို မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ၎င်းတို့၏ လူမူကွန်ရက် စာမျက်နှာတွင်လည်း သတင်းထုတ်ပြန်ထားသည်။

"လူမူကွန်ရက်မှာ ပျံ့နှံ့နေသလို သေနတ်တွေက အများကြီး မပါသွားပါဘူး။ တစ်ချို့ သေနတ်တွေက စစ်ကောင်စီရဲ့ သေနတ်တွေပါ။ သူတို့ လုပ်ကြံထားတာပါ။ အခု ၁၀ ယောက်ကို ဖမ်းသွားတာ အဲ့ဒီ စံတင်ကင်းကျေးရွာ နားမှာပဲ။ သူတို့ရှိ သေးတယ်၊ ဒီမနက်ကို လက်နက်ကြီး သံတွေ ကြားနေ ရသေးတယ်။ ဆုံးရှုံးမှု နဲ့ ပတ်သက်ပြီးတော့ စာရင်းက သေချာ မသိရသေးပါဘူး “ ဟု ဆက်လက်ပြီး မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

ဒေသကာကွယ်ရေးတပ်၏ ဆေးတပ်စခန်းကို စံတင်ကင်းကျေးရွာ နှင့် လေးမိုင်ခန့် ကွာဝေးသည့် ဘိုးမင်းကြီးကင်း ကျေးရွာ နှင့် အလ္လကပ္ပ ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ် အင်အား အယောက် ၇၀ ခန့်နှင့် အရန်အင်အား ၄၀ တို့က လက်နက်ကြီး ပစ်ကူများဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပုံ- မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး

#မြင်းမှု

#ပြည်သူ့ကာကွယ်ရေးတပ်စခန်း

#စစ်ကောင်စီ

#ဆေးတပ်စခန်း

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required