ရွှေတိဂုံစေတီတော် တည်တံရေး ပြည်သူနှင့် ပူးပေါင်းပါ၀င်မည်ဟု သူရဦးရွှေမန်းဆို

ရွှေတိဂုံစေတီတော် တည်တံရေး ပြည်သူနှင့် ပူးပေါင်းပါ၀င်မည်ဟု သူရဦးရွှေမန်းဆို

ရန်ကုန်၊ ဇွန် ၁၉။    ။ မြန်မာနိုင်ငံ၏ အထင်ကရ ဘာသာရေးအဆောက်အဦး တစ်ခုဖြစ်သည့် ရွှေတိဂုံစေတီတော် ရေရှည်တည် တံ့ ခိုင်မြဲရေးအတွက် ပြည်သူလူထုနှင့်အတူ ပါဝင်ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဇွန်လ ၁၉ရက် နေ့လည် ၂နာရီခန့်က ထုတ်ဖော် ရေးသားခဲ့သည်။

"စေတီတော်ကြီး ရေရှည်တည်တံနိုင်ရေးနှင့် အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက် ရဟန်းရှင် လူ ပြည်သူလူထုနှင့် အတူပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်" ဟု ၎င်းက ရေးသားထားသည်။

ယင်းအပြင် မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူအပေါင်း အထွက်အမြတ်ထား ကိုးကွယ်လျက်ရှိသည့် လေးဆူ ဓါတ်ပုံ ရွှေတိဂုံစေ တီတော်မြတ် ရေရှည်တည်တံခိုင်မြဲရေးသည် လွန်စွာအရေးကြီးသည်ဟုလည်း ပါရှိသည်။

ရွှေတိဂုံစေတီအနီး ဆောက်လုပ်ျက်ရှိသည့် ဒဂုံစီးတီး အိမ်ရာ အပါအဝင် စီမံကိန်းများ ဆောက်လုပ်ပါက စေတီတော် ရေရည် တည်တံ့ရေးအတွက် ထိခိုက်မှုများရှိနိုင်သည်ဟုဆိုကာ ဗုဒ္ဓဘာသာဝင်အများစုက ကန့်ကွက်နေကြခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနက ဆက်သွယ်ရေးတပ်ရင်းဟောင်း နယ်မြေ၏ ၄၉ ဧကအတွင်း လူနေအိမ်ရာများ၊ ရုံးခန်းများကို ဆောက်လုပ်ရန် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈ ဒဿမ ၈၉သန်း (ကျပ်ငွေ သန်း ၈၉၀၀) ဖြင့် ပြည်တွင်းပြည်ပ ကုမ္ပဏီ ၅ခုတို့က ငှားရမ်းခဲ့ထားခြင်းဖြစ်သည်။

ယင်းသို့ဆောက်လုပ်မည့် အဆောက်အဦး ပုံစံများ၊ လူနေအိမ်များ၊ အသုံးပြုမည့် ကားအရေအတွက်၊ သုံးစွဲမည့် ရေပမာဏ စသည်တို့ကို ရန်ကုန်တိုင်းစည်ပင်သာရေးကော်မတီ သက်ဆိုင်ရာ ခရိုင်ကော်မတီအနေဖြင့် ထောက်ပံ့နိုင်ခြင်းမရှိသည့်အပြင် ယင်းစီမံကိန်းသည်လည်း မြို့တွင်း အဆောက်အဦဆောက်လုပ်ခြင်း စီမံခန့်ခွဲမှုများအရ ဆောက်လုပ်ရန် မသင့်ကြောင်း ရန်ကုန် အနောက်ပိုင်းခရိုင် စည်ပင်သာယာရေးကော်မတီဝင် ဦးခင်လှိုင်က သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတို့ထံ ဇွန်လ ၁၅ရက်က အစီရင်ခံစာ တင်ပြထားသည်။

ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကိုလည်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၊ ဝံသာနုရက္ခိတအဖွဲ့ စသည့် ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်း ၇၀ခန့်မှ လူပုဂ္ဂိုလ်နှင့် သံဃာ စုစုပေါင်း အင်အား ၁၀၀ ခန့်ဖြင့် ဇွန်လ ၇ရက်က ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့ကလည်း ရွှေတိဂုံစေတီတော်အနီး စီမံကိန်းများ မလုပ်ရေး ပြည်သူထံမှ ကန့်ကွက်လက်မှတ် များ ကောက်ခံပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာတင်သွားမည်ဟု ယင်းအဖွဲ့၏ ဦးဆောင် ဆရာတော်က မိန့်ကြားထားသည်။

ယင်းအပြင် ရွှေတိဂုံစေတီတော် ကာကွယ်ရေးအတွက် Dagon city -1 အပါအဝင် စေတီတော်အနီး အထပ်မြင့် အဆောက် အအုံဆောက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေသာ လုပ်ငန်းဆောင်တာများကို ကန့်ကွက်ခြင်း၊ ရွှေတိဂုံကို ကာကွယ်ပါ ဟူသော နှိုးဆော်ချက်များ ဖြန့်ဝေခြင်း၊ Dagon city -1စီမံကိန်း ဆက်လက် ဆောင်ရွက်မှုရှိ မရှိ စောင့်ကြည့်လေ့လာ မှတ်တမ်း တင်ခြင်း အစရှိသည့် လုပ်ငန်းစဉ် ခြောက်ရပ်ကို လုပ်ဆောင်မည်ဟု ဇွန်လ ၁၇ရက် မင်းကွန်းတိပိဋက နိကာယ်ကျောင်း တိုက် ရွှေရတုကျောင်းတွင် ပြုလုပ်သည့်  မြတ်ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး စာတမ်းဖတ်ခြင်းနှင့် မီဒီယာ ရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းကလည်း ဇွန်လတွင်ပင် ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေး ဒဂုံစီးတီးအိမ်ရာ စီမံကိန်းကိစ္စနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ရန် တင်ပြသည့် အဆိုကို တိုင်းအစိုးရက ပယ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly