စည်ပင်ရိပ်သာရှိ လွှတ်တော်ကိုယ်စားလှယ်များထံ ပေးဝေသည့် သတင်းဆောင်းပါးကိစ္စ စုံစမ်းမည်ဟု သူရဦးရွှေမန်းပြော

စည်ပင်ရိပ်သာရှိ လွှတ်တော်ကိုယ်စားလှယ်များထံ ပေးဝေသည့် သတင်းဆောင်းပါးကိစ္စ စုံစမ်းမည်ဟု သူရဦးရွှေမန်းပြော

နေပြည်တော်၊ ဇွန် ၁၇ ။         ။ စည်ပင်ရိပ်သာတွင် နေထိုင်သော လွှတ်တော်ကိုယ်စားလှယ်များကို ဇွန် ၁၄ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည့် 'အမွေကောင်းကောင်းရချင်တယ်' ဆောင်းပါး လာရောက်ပေးသွားသည့် ကိစ္စနှင့်ပတ် သက်ပြီး ထိုက်သင့်သော စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ပြည်ထောင်စု လွှတ်တော်နယက သူရဦးရွှေမန်းက ယနေ့ (ဇွန် ၁၇ရက်) ပြည်ထောင်စုလွှတ်တော်တွင် ပြောသည်။

“လွှတ်တော်အတွင်းမှာ စာဖြန့်ဝေတာသော်လည်းကောင်း ရေးသားထားတဲ့ စာအုပ်ဖြန့်ဝေတာ သော်လည်းကောင်း လွှတ်တော်ဥက္ကဋ္ဌ လွှတ်တော်နယကဆီ ခွင့်ပြု ချက်တောင်းရပါတယ်။ ခွင့်ပြုချက်ရမှသာ စာအုပ်ဝေရမှာဖြစ်ပါတယ်။ ဒီဥစ္စာကို ဒီထက်ပိုပြီးထူးခြားတဲ့ ကိစ္စဖြစ်တဲ့အတွက် လိုအပ်သလို ဆက်လက်ဆောင်ရွက် သွားမယ်။

တိုင်တန်းပြောဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို တင်ပြလိုပါတယ်၊ ဒီလိုစာဖြန့်ဝေတာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေတော့ စာမဖြန့်ဝေဘူး ဆိုတာလည်း လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း သဘောထားကွဲလွှဲအောင် တစ်ပါတီနှင့် တစ်ပါတီ အယူအဆကွဲလွှဲအောင် ဖြစ်မလားဆိုတဲ့ဟာကလည်း စဉ်စားစရာ ဖြစ်လာတယ်၊ ဒီကိစ္စကို သာမန်ကိစ္စလို သဘောမထားဘဲနဲ့ ထုက်သင့်တဲ့ စစ်ဆေးမှုပြုလုပ်သွားမည်”ဟု ပြည်ထောင်စုလွှတ်တော်နယက သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောသည်။

အဆိုပါ လွှတ်တော်ကို ပြင်းပြင်းထန်ထန် ဝေဖန်ချက်များပါသည့် အမွေကောင်းကောင်းရချင်တယ် ဆောင်းပါးကို ရေးသားသူ ရန်ကင်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး ဌာနက ဝေငှခိုင်းသည့်အတွက် စည်ပင်ဝန်ထမ်းများက လာရောက်ပေးရခြင်းဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် ပြည်ထောင်စု လွှတ်တော်တွင် တိုင်ကြားသည်။

“စည်ပင်ဧည့်ရိပ်သာ တည်းခိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို ပြန်ကြားရေးဝန်ကြီးဌာနက စာပေးခိုင်လို့ပါဆိုပြီး ဝန်ထမ်းတစ်ဦးက စာလာပြီး ဖြန့်ဝေတဲ့ ကိစ္စ ဟာ လွှတ်တော်ကိုယ်စားလှယ်ကို အသိအမှတ်မပြုတာ ကျွန်တော်တို့ ဂုဏ်သိက္ခာမဲ့တယ်။ ကျွန်တော်တိုကို ဂုဏ်သိက္ခာရှိစွာ စာပေးလို့ရပါတယ်၊ ဂုဏ်သိက္ခာမဲ့စွာ စာဖြန့်ဝေခြင်းဟာ မသင့်ပါဘူး၊ လွှတ်တော်ကိုယ်စားလှယ်တွေကို တရားဝင်စာ ဖြန့်ဝေသင့်ပါလျက်နဲ့ တရားမဝင်စာဝေးတာ လွှတ်တော်ကိုယ်စားလှယ်တွေကို စိတ်အနှောက်အယှက်ဖြစ်စေအောင် လုပ်တာလား တစ်ခြားရည်ရွယ်ချက်အမျိုးမျိုးနဲ့ဝေသလား မသင့်တော်တဲ့ အတွက် ဒီကိစ္စမျိုးကို ဆက်လက်ဖြန့်ဝေနေမယ် ဆိုရင် လွှတ်တော်ကနေ ထိန်ကျောင်းပေးဖို့လိုအပ်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။

စည်ပင်ဧည့်ရိပ်သာတည်းခိုသည့် လွှတ်တော်ကိုယ်စားလှယ်များကို တရားဝင် စာဖြန့်ဝေပေးနိုင်ပါလျက် တရားမဝင်ဖြန့်ဝေပေးခြင်းသည် လွှတ်တော်ကိုယ်စားလှယ် များကို စော်ကားခြင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့က ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေဝါက “ဒီလိုစာဖြန့်ပေးတဲ့ သဘောအရဆိုရင် ပစ် သဘောလို့ယူဆပါတယ်၊ ဝန်ကြီးဌာနက ပေးတယ်ဆိုရင် ဝန်ကြီး ဌာနက အမှတ်အသားတံဆိပ်တွေ ပါသင့်ပါတယ်၊ ဒီလိုပေးလိုက်ခြင်းအားဖြင့် စည်ပင်ကို ပြန်ကြားရေးဝန်ကြီးဌာနက တစ်ကယ်ဟုတ်ပါသလား ဆောင်းပါးး ရှင် ကနေ တစ်ဆင့်ပေးခိုင်တာလားဆိုတာ သံသယဖြစ်စရာဖြစ်ပါတယ်”ဟု ပြည်ထောင်စုလွှတ်တော်တွင် ပြောသည်။

စည်ပင်ရိပ်သာတွင် ၁၆.၆.၂၀၁၅ ရက် ညနေ ၆ နာရီတွင် လွှတ်တော်ကိုယ်စားလှယ်များ တည်ခိုးသည့် အခန်းများသို့ စည်ပင်ဝန်ထမ်းများက ပြန်ကြားရေး ဝန်ကြီး ဌာနမှ ပေးပို့ခိုင်းသည့်အတွက် ဟုဆိုကာ ဝေသွားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly