၅၉ (စ) နှင့် ၄၃၆ တို့ကို အနည်းငယ် ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်က လက်ခံဆွေးနွေးမည်

၅၉ (စ) နှင့် ၄၃၆ တို့ကို အနည်းငယ် ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်က လက်ခံဆွေးနွေးမည်

နေပြည်တော်၊ ဇွန် ၁၀ ။       ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတဖြစ်ခွင့် အရည်အချင်း သတ်မှတ်ချက် ပြဋ္ဌာန်းထားသည့် ပုဒ်မ ၅၉(စ) နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးတွင် အဓိကသော့ချက် သဖွယ်ဖြစ်သည့် ပုဒ်မ ၄၃၆ တို့ကို ပြင် သည်ဆိုရုံမျှ ပြင်ဆင်ထားချက်များ ပါဝင်သော အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရန် အဆို ကို ယနေ့ (ဇွန် ၁၀ ရက်)တွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့တင်သွင်းခဲ့ရာ လွှတ်တော် က ဆွေးနွေးရန် လက်ခံလိုက်သည်။

“အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တချို့ကို ပြင်ဆင်ခွင့်ပြုနိုင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၈၉ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၄၃ ဒသမ ၅၂ ရာခိုင်နှုန်းတို့က လက်မှတ်ရေးထိုး တင်ပြလာသော အဆိုနှစ်ရပ်ကိုလက်မှတ်ရေးထိုးတဲ့ ကိုယ်စားလှယ်တော်ကြီး များရဲ့ ကိုယ်စား တင်သွင်းအပ်ပါတယ်” ဟု ၎င်းအဆို တင်သွင်း နိုင်ရေးအတွက် ဦးစီးဆောင်ရွက်ခဲ့သည့်မြစ်ကြီးနား မြို့နယ်အမတ် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသိန်းဇော်က ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည်။

သို့သော် ပြည်ထောင်စုလွှတ်တော် နာယက က ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ၏ အမည်စာရင်း ကောက်ခံရန် ဖိတ်ခေါ်ခြင်း မရှိသေးသကဲ့သို့ မည်သည့်နေ့တွင် ဆွေးနွေးမည်ကို လည်းကြေညာခြင်း မရှိသေး ပေ။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင် ရွှေပြည်သာအမတ် ဦးတင်မောင်ဦးကမူ "အခြေအနေအရ မနက်ဖြန် ဆွေးနွေးနိုင်ရင်လည်း ဆွေးနွေးဖြစ် မယ် ထင်ပါတယ်” ဟု ဇွန် ၉ ရက်က မီဒီယာများကို ပြောကြားထားခဲ့သည်။

လွှတ်တော်က ဆွေးနွေးရန် လက်ခံလိုက်ပြီဖြစ်သည့် ဥပဒေကြမ်းကို နှစ်ပိုင်းခွဲကာ ပုဒ်မ ၄၃၆ (က) တွင် အကျုံးဝင်သော အပိုင်းနှင့် ၄၃၆ (ခ) တွင် အကျုံးဝင်သော အပိုင်းဟူ၍ ခွဲခြား တင်သွင်းခြင်းဖြစ်ပြီး အများ စိတ်ဝင်စားနေသည့် သမ္မတ အရည်အချင်းသတ်မှတ်ချက် လျှော့ပေါ့ပြင်ဆင်ခြင်းကို ဥပဒေကြမ်း ပထမပိုင်း၏ အစမှာပင် ပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၂ ၌ ဖော်ပြခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (ဃ) တွင် မူလပြဋ္ဌာန်းထားသည့် “စစ်ရေးအမြင်” အစား “ကာကွယ်ရေးအမြင်” ဟု အစားထိုးခြင်း၊ ၅၉(စ) တွင် ပြဋ္ဌာန်းထားချက်များမှ “မိမိ၏ တရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး၊ သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း” ဟူသည့် စာသားများကို ဖြုတ်ကာ ဖြေလျှော့လိုက်ခြင်းကို ပြင်ဆင်သည့် ဥပဒေ ပုဒ်မ (၂) အဖြစ် အဆိုပြုထားသည်။

ထို့နောက် မြန်မာတစ်နိုင်ငံလုံးမှ ငါးသန်းသော ပြည်သူတို့က ပြင်ဆင်လိုသဖြင့် လက်မှတ် ထိုးထား ကြသည့် ပုဒ်မ ၄၃၆ (က) နှင့် (ခ) တို့ပါ ပြဋ္ဌာန်းချက်မှ “ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က……. ….”  ဟူသည့် စာသားများနေရာတွင်“ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ခုနစ်ဆယ် ရာခိုင်နှုန်း အောက် မလျော့သော… …” ဟူ၍ အစားထိုး ပြင်ဆင်ပြဋ္ဌာန်းခြင်းကို ပြင်ဆင်သည့် ဥပဒေ ပုဒ်မ (၅) အဖြစ် အဆိုပြုထားသည်။

ထို့အပြင် ပြင်ဆင်ချက် ဥပဒေအသစ်၌ သမ္မတနှင့် ဒုတိယသမ္မတများနှင့် ပတ်သက်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) မှ ပုဒ်မ ၆၂၊ ၆၃၊ ၆၄ တို့ကို ပယ်ဖျက် လိုက်ခြင်းလည်း ပါဝင် သည်။ ပုဒ်မ၆၂ တွင် “ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများသည် မည်သည့်လွှတ်တော်ကိုယ်စားလှယ်မျှ မဖြစ်စေရ” ဟု လည်းကောင်း၊ပုဒ်မ ၆၃တွင် “လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှလည်းကောင်း သမ္မတ၊ ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် နေ့မှစ၍ နုတ် ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီး ဖြစ်သည် ဟု မှတ်ယူရမည်” ဟုလည်းကောင်း၊ ပုဒ်မ ၆၄ တွင် “နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ” ဟုလည်းကောင်း ပြဋ္ဌာန်းထားသည်တို့ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

လွှတ်တော်သက်တမ်းအစပိုင်းတွင် လွှတ်တော်နှင့် အစိုးရအကြား အပြင်းအထန် အငြင်းပွားကာ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဝင်ဆုံးဖြတ်ပေးအပြီး ထိုခုံရုံးအဖွဲ့တစ်ဖွဲ့လုံးကိုပါ အသစ်ပြန် လည် ဖွဲ့စည်း ခဲ့ရသည်အထိ ပဋိပက္ခအသွင်ဆောင်ခဲ့သော “လွှတ်တော်များက ဖွဲ့စည်းသည့် ကော်မတီများသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ဟုတ် မဟုတ်” ပြဿနာကိုလည်း ယခု ပြင်ဆင်သည့် ဥပဒေတွင် “ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် သတ်မှတ်သည်” ဟု ဖြည့်စွက်ပြဋ္ဌာန်း အဆိုပြုထားသည်။

သမ္မတက ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်ခြင်းဆိုင်ရာ ယခင် ပြဋ္ဌာန်းချက်ပုဒ်မ ၂၃၂ တွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများကိုလည်း ခန့်အပ်နိုင်ခဲ့ပြီး ယခု ပြင်ဆင်သည့် ဥပဒေ တွင်ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များထဲမှသာ ခန့်အပ်ရာ ကန့်သတ်ပြဋ္ဌာန်းထားသည်။

ထို့အပြင် မူလ ဥပဒေ ပုဒ်မ ၂၆၁ အရ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်များ အား သမ္မတက ရွေးချယ်ခန့်ထားခွင့်ကို ယခုပြင်ဆင်သည့် ဥပဒေတွင် ပယ်ဖျက်လိုက်ပြီး “သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဆန္ဒမဲဖြင့် ရွေးချယ်ရမည်” ဟု ပြင်ဆင် အဆိုပြုခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ ခန့်အပ်ရာတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်နယ်ဝန်ကြီးချုပ်သည် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူအား ခန့်အပ်ခွင့်ရှိခဲ့ သည်။ ပြင်ဆင်သည့် ဥပဒေအရ လုံခြုံရေးနှင့် နယ်စပ်ရေးရာ တာဝန်မှလွဲပြီး ကျန်ဝန်ကြီးများကို လွှတ်တော်ကိုယ်စားလှယ်များ ထဲမှသာ ရွေးချယ်ခန့်အပ်ရတော့မည်ဖြစ်သည်။

လုံခြုံရေးနှင့် နယ်စပ်ရေးရာ တာဝန်ပေးအပ်ရန် တပ်ချုပ်ထံမှ သင့်လျော်သော တပ်မတော်သား အမည်စာရင်း တောင်းခံရာတွင်လည်း တပ်မတော်သားကိုယ်စားလှယ်များထဲမှသာ တောင်းခံရမည်ဟု ပြင်ဆင်အဆိုပြုထားသည်။

အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၌ တရားသူကြီးချုပ်နှင့် တရားလွှတ်တော်ချုပ် တရား သူကြီးများ ခန့်အပ်ရာတွင် ယခင်ရှိခဲ့သော ပြည်ထောင်စု တရားသူကြီးချုပ်သာမက ဒုတိယ ပြည်ထောင်စု တရားသူကြီးချုပ် နှစ်ဦးကိုပါ ထပ်ဖြည့်ခန့်ထားမှုလည်း ပါဝင်လာသည်။

၂၀၀၈ ဖွဲ့စည်းပုံဥပဒေတွင် ပြည်ထောင်စု တရားသူကြီးချုပ်ကို သမ္မတကသာ ခန့်ထားခွင့်ရှိခဲ့ပြီး ယခု ပြင်ဆင်ချက်တွင် သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က ဒုတိယ ပြည်ထောင်စု တရားသူကြီးချုပ် တစ်ဦးစီ ရွေးချယ်ကာ ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းပြီး ထို ဒုချုပ် သုံးဦးတို့ထဲမှ တစ်ဦးကို ပြည်ထောင်စု တရားသူကြီး ချုပ်အရည်အချင်း ရှိမရှိ လွှတ်တော် နှစ်ရပ်၏ ဒုတိယ အကြီးအမှူးများ ပါဝင်သည့်အဖွဲ့က စိစစ်ကာ ပြည်ထောင်စုလွှတ်တော်က ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ရမည် ဖြစ်သည်။

ထို့အပြင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဖွဲ့စည်းခြင်းကိစ္စ၊ ၂၀၀၈ ဥပဒေပါ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့၏ လုပ်ပိုင်ခွင့်များ ပိုမို အသက်ဝင်လာစေရေးအတွက် ပြီးခဲ့သည့် သြင်္ကန်မတိုင်မီ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တို့ တင်သွင်းခဲ့သည့် အရေးကြီးအဆိုပါ ဇယား ၁၊ ၂၊ ၃ နှင့် ၅ ဆိုင်ရာ ဗဟိုအစိုးရ၏ ချုပ်ကိုင်မှုများ လျှော့ချပေး သည့် ပြင်ဆင် ပြဋ္ဌာန်းချက်များကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဖော်ပြ ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly