မသန်စွမ်းသူများ ရွေးကောက်ပွဲဆိုင်ရာ အသိပညာရရှိမှု အဆင်ပြေစေရန် အစိုးရ ကူပံ့ပေးရန်လို ဟုဆို

မသန်စွမ်းသူများ ရွေးကောက်ပွဲဆိုင်ရာ အသိပညာရရှိမှု အဆင်ပြေစေရန် အစိုးရ ကူပံ့ပေးရန်လို ဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်း၏ ၂ ဒသမ ၃ ရာခိုင်နှုန်း ရှိသော မသန်စွမ်းသူများအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာရရှိမှု အဆင်ပြေနိုင်စေရန် အစိုးရပိုင်းက လုပ်ဆောင်ပေးရန် လိုအပ်နေသေးကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများအဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အေးမောင်က မေ ၂၃ ရက်တွင် မဇ္ဈိမကို ပြောသည်။

၎င်းက “မသန်စွမ်းသူတွေအတွက် အစိုးရ ပံ့ပိုးမှု မပါဝင်သေးရင်တော့ ရွေးကောက်ပွဲအတွက် မဲပေးမှု မလွယ်ကူနိုင်သေးပါဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အခက်အခဲတွေ ရှိခဲ့တယ်။ အခု ရွေးကောက်ပွဲအတွက်တော့ အစိုးရဘက်ကနေ လုပ်သင့်တာကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်ပေးနေတာတော့ တွေ့လာရပါပြီ” ဟု ဆိုသည်။

ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ရွေးကောက်ပွဲ အသိပညာပေးမှုများကို  ပြုလုပ်ပေး နေသော်လည်း မသန်စွမ်းသူများမှာ အကြားအာရုံ၊ အမြင်အာရုံပိုင်းဆိုင်ရာ အားနည်း ခြင်း၊ ကိုယ်အင်္ဂါ မသန်စွမ်းခြင်း၊ ဉာဏ်ရည်နိမ့်ပါးခြင်း စသည့်မတူညီသော မသန်စွမ်းမှုမျိုးစုံဖြင့် ရှိနေသဖြင့် သာမန်လူများထက် အသိပညာ ရရှိနိုင်မှု အားနည်းနေသေးသော အနေအထားတွင်သာ ရှိနေသေးသည်ဟုလည်း ၎င်းက ဆိုသည်။

အထက်ပါ အခက်အခဲများအပြင် ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်းက မဲရုံများသည် အထပ်အမြင့်များသည့် စာသင်ကျောင်းစသော နေရာများတွင် ပြုလုပ်ထားခြင်း၊ မသန်စွမ်းသူများအတွက် မဲရုံ ဝင်ထွက်လမ်း အဆင်မပြေခြင်းများ၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များကို မဲပေးရန် မဲတစ်ရုံတည်းတွင်သာ ထားရှိ၍ အဝင်အထွက်များပြားခြင်းသည် ကိုယ်အင်္ဂါ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ ဝှီးချဲအသုံးပြုရသူများ မဲပေးရာတွင် ခက်ခဲခဲ့ပြီး အမြင်အာရုံ အားနည်းသူများအတွက် အဖော်တစ်ဦး ခေါ်ခွင့်မရသည့်အတွက် မဲစလစ်ကြည့်ရှုခြင်း၊ မဲပုံးအတွင်း မဲဝင်ရန် ထည့်သွင်းသည့်အခါ အခက်အခဲများ ဖြစ်ပေါ်စေခဲ့သည်ဟုလည်း ဒေါ်ငယ်ငယ်အေးမောင်က ပြောသည်။

ယင်းအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် မေလ ၂၅ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားပြီး တွေ့ဆုံပါက မသန်စွမ်းများအတွက် တစ်နေရာထဲတွင် မဲပေးခွင့်ရရန် စီမံဆောင်ရွက် ထားခြင်း၊ အမြင်အာရုံ အားနည်းသူများအတွက် အဆင်ပြေစေမည့် နည်းစနစ်များ စီမံဆောင်ရွက်ခြင်းတို့ကို တင်ပြဆွေးနွေးသွားမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် မယုယသူက ပြောသည်။ မြန်မာနိုင်ငံတွင် မသန်စွမ်းသူ အရေအတွက် ၁ ဒသမ ၃ သန်းခန့် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly