ဝန်ကြီးဌာနများက တရားဝင် အစိုးရဝက်ဘ်ဆိုက်များမှသာ အချက်အလက်များ ထုတ်ပြန်သင့်ဟု ပညာရှင်များ သုံးသပ်

ဝန်ကြီးဌာနများက တရားဝင် အစိုးရဝက်ဘ်ဆိုက်များမှသာ အချက်အလက်များ ထုတ်ပြန်သင့်ဟု ပညာရှင်များ သုံးသပ်

ရန်ကုန်၊ ဇွန် ၉ ။     ။ ဝန်ကြီးဌာနများသည် သတင်း အချက်အလက်များနှင့် ထုတ်ပြန်ချက်များကို ဝန်ကြီးဌာန၏ တရားဝင် အစိုးရ ဝက်ဘ်ဆိုက်များမှသာ တရားဝင်ထုတ်ပြန်သင့်သည်ဟု ပြည်တွင်းအိုင်တီ ပညာရှင်များက သုံးသပ်ကြသည်။

တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို အွန်လိုင်းမှ တဆင့်ကြည့်ရှုနိုင်သည့် www.moemyanmar.net/2015-exam ဝက်ဘ် ဆိုက်လင့်ခ်များ ပျံ့နှံ့လာပြီးနောက် ယင်းဝက်ဘ်ဆိုက်သည် ဖွင့်ကြည့်၍ မရဖြစ်ခဲ့ရာ ဆိုင်ဘာ တိုက်ခိုက်ခံခဲ့ရခြင်းကြောင့် ဖွင့်ကြည့်၍ မရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြထားခဲ့သည်။

တက္ကသိုလ်ဝင်တန်း အောင်စာရင်း ကြည့်ရှုနိုင်သည့် ဝက်ဘ်ဆိုက်လိပ်စာသည် နှစ်စဉ် ပေါ်ထွက်လာနေကျဖြစ်ပြီး ယခင်နှစ်များ ကလည်း ကြည့်ရှု၍ မရဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း နည်းပညာကော်မတီဥက္ကဋ္ဌ ဦးရဲကျော်သိန်းက ပြောသည်။

ဆိုင်ဘာ တိုက်ခိုက်ခံရမှု ရှိမရှိကိုလည်း သေချာစွာစစ်ဆေးပြီးမှ ထုတ်ပြန်သင့်သည်ဟုလည်း ၎င်းက ဆိုသည်။

၎င်းက “နှစ်တိုင်းလည်း ဒီလိုပဲ။ အလွယ်တကူ အကြောင်းပြနေသလို ဖြစ်နေတယ်။ ဥပဒေတွေ ရှိတယ်ဆိုရင် တကယ် ဆိုင်ဘာ တိုက်ခိုက်ခံရမှု ရှိမရှိကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စစ်ဆေးပြီးမှ အတည်ပြု ထုတ်ပြန်ဖို့ လိုတယ်။ စစ်ဆေးရမယ့် အဆင့်တွေရှိတယ်။ အလွယ်တကူ ပြောလို့မရဘူး" ဟု ဆိုသည်။

ဖွံ့ဖြိုးမှုအတွက် အိုင်စီတီ အဖွဲ့ (MIDO ) ၏ အမှုဆောင် အရာရှိချုပ် ကိုနေဘုန်းလတ် ကလည်း “ ဆိုင်ဘာ တိုက်ခိုက်ခံ ရပါတယ် လို့ အတည်ပြုဖို့ မလွယ်ဘူး။ တစ်နိုင်ငံလုံး ဝိုင်းကြည့်ကြတဲ့အခါ လိုအပ်ချက်ရှိလို့ ဝက်ဘ်ဆိုက်ကျသွားတာလားဆိုတာ စဉ်းစားဖို့ ရှိတယ်။ ဆိုင်ဘာ တိုက်ခိုက်မှုလုပ်တယ်ဆိုရင် ဘယ်အဖွဲ့က ဘာကြောင့် တိုက်ခိုက်တယ်ဆိုတာမျိုး ဖော်ပြလေ့ ရှိတယ်။ အခုက ခန့်မှန်းရတာ ခက်တယ်” ဟု ဆိုသည်။

ဝန်ကြီးဌာနများက တရားဝင်ထုတ်ပြန်ချက်များကို တရားဝင်အစိုးရ ဝက်ဘ်ဆိုက်မှသာ ထုတ်ပြန်သင့်သည်ဟု ကိုနေဘုန်းလတ်က သုံးသပ်သည်။ ယခုကဲ့သို့ အဖွဲ့အစည်းတစ်ခုက တာဝန်ယူခြင်းသည် မသမာမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ထောက်ပြပြောဆို သည်။

၎င်းက “ဝန်ကြီးဌာနတွေရဲ့ အချက်အလက်တွေကို ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေကပဲ တရားဝင်ထုတ်ပြန်ရမယ်။ အဖွဲ့အစည်းတစ်ခု ကို အပ်တယ်ဆိုရင်လည်း နည်းပညာပိုင်းအတွက်ပဲ အပ်သင့်တယ်။ ဝန်ကြီးဌာနက ကိုယ်တိုင် ထုတ်ပြန်ရမယ်။ အခုလိုလုပ်တာ က မသမာမှုတွေ ဖြစ်လာနိုင်တယ်” ဟု ဆိုသည်။

ယင်းဝက်ဘ်ဆိုက်ဖွင့်မရသည့် အချိန်တွင် ဆိုင်ဘာ တိုက်ခိုက်ခံရသည်ဟု ကြေညာခဲ့ပြီး နောက် http://moemyanmar.softguidecomputer.com/2015-exam-result  တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ ဖေ့ဘွတ်စာမျက်နှာတွင် ကြေညာခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly