ABU Radio Song Festival 2015 အမျိုးသားကဇာတ်ရုံ၌ အခမဲ့ ဖျော်ဖြေမည်

ABU Radio Song Festival 2015 အမျိုးသားကဇာတ်ရုံ၌ အခမဲ့ ဖျော်ဖြေမည်

ရန်ကုန် (မဇ္ဈိမ)။ ။ Asia-Pacific Broadcasting Union(ABU) နှင့် MRTV တို့ပူးပေါင်းတင်ဆက်မည့် ABU Radio Song Festival 2015 ကို မေလ ၂၉ ရက်၊ ညနေ ၆ နာရီမှ စတင်ကာ ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အခမဲ့ ဖျော်ဖြေမည် ဖြစ်သည်။

ဒေသတွင်း အဆင့်နှင့် နိုင်ငံတကာ အဆင့် ABU Radio Song Festival Gala Event နှင့် 2015 Radio Asia Conference တို့ကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ကာ ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။

ABU Radio Song Festival 2015 ကို အာရှ-ပစိဖိတ် ဒေသများအတွင်းရှိ နိုင်ငံများမှ ဝါသနာရှင် ပါရမီ ရှိသူများအား အသိအမှတ်ပြု စင်တင်ပေးရန်၊ အရည်အချင်းရှိပြီး ငယ်ရွယ်တက်ကြွသည့် လူငယ်များ ကိုယ်တိုင် ဖန်တီးထားသည့် တေးသီချင်းများနှင့် တေးသွားများကို ဖော်ထုတ် မြှင့်တင်ပေးခြင်းဖြင့် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ရုပ်သံလွှင့် အဖွဲ့အစည်း (ABU) ၏ Radio Member များ အတူတကွ ပူးပေါင်းပါဝင် ဆင်နွှဲနိုင်သည့် လှုပ်ရှားမှုများကို ဖော်ဆောင်နိုင်ရန်နှင့် ဒေသတွင်း ဂီတဆိုင်ရာ အရည်အသွေး ရှိသူများ၏ အကောင်းဆုံး လက်ရာများကို တင်ဆက်ပြသရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။

ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်က “ကျွန်တော်တို့ နိုင်ငံတွင်းမှာရှိတဲ့ ရေဒီယိုနဲ့ ပတ်သက်တဲ့ အသိပညာ ရရှိနိုင်ဖို့ ရည်ရွယ်ပြီး ကျွန်တော်တို့နိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်ပါတယ်။ ABU ကနေပဲ တေးသီချင်းတွေကို ဖိတ်ခေါ်ပါတယ်။ ဖိတ်ခေါ်ပြီးသွားရင် ABU အဖွဲ့အစည်းကနေ ဝင်ရောက် ယှဉ်ပြိုင်လာတဲ့ တေးသီချင်းတွေကို စိစစ်ရွေးချယ် ပါတယ်။ ရွေးချယ်ပြီးသွားရင် ABU Website မှာ ဖော်ပြထားပြီးမှ ကျွန်တော်တို့နိုင်ငံမှာ လာရောက်ပြီးတော့ ဖျော်ဖြေတဲ့ အစီအစဉ်ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းတို့ ရွေးချယ်ထားသော သီချင်းများကို Song Festival တွင် ဖျော်ဖြေမည် ဖြစ်သည်။

ထို ဖျော်ဖြေပွဲတွင် နိုင်ငံ ၉ နိုင်ငံမှ ရေဒီယို တေးသီချင်းများကို ဖျော်ဖြေမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ တေးသီချင်း ၂ ပုဒ် ပါဝင်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုကို ဖော်ပြလိုသည့်အတွက် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ယဉ်ကျေးမှု အကအလှများ ထည့်သွင်းဖျော်ဖြေမည် ဖြစ်သည်။ မြန်မာနိုင်ငံမှ တေးသံရှင် အဆိုတော်များဖြစ်သည့် ဇော်ပိုင်၊ နီနီခင်ဇော်၊ အမွန်းတို့လည်း ပါဝင်ဖျော်ဖြေ ကြမည် ဖြစ်သည်။

ပထမအကြိမ် ABU Radio Song Festival ကို ၂၀၁၂ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့တွင် စတင်ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ်ကို ၂၀၁၄ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် လည်းကောင်း၊ တတိယအကြိမ်ကိုမူ  ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင်လည်းကောင်း ကျင်းပသွားမည် ဖြစ်သည်။

ABU Radio Song Festival 2015 ကို ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင် မေလ (၂၉)ရက်၊ ညနေ ၆ နာရီ မှ ည ၈ နာရီခွဲအထိ အခမဲ့ သီဆို ဖျော်ဖြေ တင်ဆက် သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly