မြန်မာ့ ရုပ်မြင်သံကြားနှင့် Home Media တို့ ပူးပေါင်းပြီး အငြိမ့်သဘင် ရေစီးကြောင်းအပါအဝင် အစီအစဉ်လေးခု တင်ဆက်မည်

မြန်မာ့ ရုပ်မြင်သံကြားနှင့် Home Media တို့ ပူးပေါင်းပြီး အငြိမ့်သဘင် ရေစီးကြောင်းအပါအဝင် အစီအစဉ်လေးခု တင်ဆက်မည်
မြန်မာ့ ရုပ်မြင်သံကြား (MRTV) နှင့် Home media တို့ ပူးပေါင်းရိုက်ကူး တင်ဆက်မည့် ဇာတ်လမ်း ရုပ်ရှင်နှင့် ရုပ်ရှင်တေးသီးချင်းများ ကန်တော့ပွဲပေး အခမ်းအနားကို မေ ၆ ရက် နေ့လည် ၂ နာရီက ရန်ကုန်မြို့ Central Hotel တွင် ကျင်းပနေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာ့ ရုပ်မြင်သံကြား(MRTV) နှင့် Home Media တို့ ပူးပေါင်းပြီး မြန်မာ့အငြိမ့်သဘင် ရေစီးကြောင်း၊ တမ်းတမ်းတတ ဖြစ်ခဲ့ရသော ရုပ်ရှင်သီချင်းများ ၊ ရင်တွင်းရေး ပြဿနာ ၊ Channel 0 ဇာတ်လမ်းတွဲ စသည့် အစီအစဉ်များကို ရိုက်ကူးတင်ဆက်သွားမည် ဖြစ်သည်။

မြန်မာ့ ရုပ်မြင်သံကြားနှင့် Home Media တို့မှ ပူးပေါင်းတင်ဆက်မည့် အစီအစဉ်များအကြောင်းနှင့် ကန်တော့ပွဲ ပေးအခမ်းအနားကို မေလ ၆ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ Central Hotel ၌ ကျင်းပခဲ့သည်။

"MRTV က Entertainment Channel တစ်ခု ထပ်တိုးတဲ့ အခါမှာ မြန်မာ့ရုပ်မြင်သံကြားမှာ အငြိမ့်ခန်းက မရှိတော့ဘူး ဖြစ်နေတယ်။ အငြိမ့် လုပ်ချင်တယ် လို့ပြောရင်းက တခုပြီးတခု တိုးလာတာပေါ့။ အငြိမ့်အပြင် ဇာတ်လမ်းတွဲ ၂ ခု ဖြစ်လာတယ်။ မြန်မာပြည်မှာ ရုပ်ရှင်သီချင်း ပျောက်နေတော့ ပျောက်နေတဲ့ သီချင်းတွေကို ပြန်ဖော်ထုတ်ချင်တဲ့အတွက် အဲဒီအစီအစဉ် ၄ ခုကို Home က စီစဉ်ပြီး လုပ်ဖြစ်သွားတာပါ" ဟု အစီအစဉ်များကို ဦးဆောင်စီစဉ်သူ ဦးဇာဂနာက ပြောသည်။

‘ဒီ အစီအစဉ်မှာ လူငယ်တွေကို နေရာပေးထားတယ်။ လူရွှင်တော်ဆိုလည်း လူငယ်လူရွှင်တော် အသစ်တွေ ပါဝင်မှာပါ" ဟုလည်း ၎င်းက ဆိုသည်။

မြန်မာ့အငြိမ့်သဘင် ရေစီးကြောင်း အစီအစဉ်ကို ဇာဂနာနှင့် အရိုင်းတို့က စီစဉ်ပြီး နန်းခင်မွှေး၊ ချောစုမျိုး၊ ရွှေရည်ဝင်း၊ စန်းနီလာဝင်း၊ ဝါဝါလှိုင်၊ မေသော်ချစ်၊ ဝင်းသပြေထွန်း၊ ဝမ်းကေဇင်၊ ဟိန်းသန္တာစိုး၊ ဆောင်းဝတီ၊ ဝင်းမော်ဦးနှင့် လူရွှင်တော်များစွာ ပါဝင်မည် ဖြစ်သည်။

တမ်းတမ်းတတ ဖြစ်ခဲ့ရသော ရုပ်ရှင်သီချင်းများ အစီအစဉ်ကို သရုပ်ဆောင် ဦးအောင်လွင်က စီစဉ်ပြီး ဒါရိုက်တာ အောင်မြင့်မြတ်က ယခင် ခေတ်အဆက်ဆက် အောင်မြင်ကျော်ကြားခဲ့သည့် ရုပ်ရှင်တေးသီချင်းများကို ပြန်လည် ရိုက်ကူးတင်ဆက်မည် ဖြစ်သည်။

ရင်တွင်းရေး ပြဿနာ ရုပ်သံ ဇာတ်လမ်းတွဲကို ဒါရိုက်တာ ဟိန်းစိုးမှ ရိုက်ကူးပုံဖော်ကာ ဇာတ်လမ်း၊ ဇာတ်ညွှန်း မယ်မင်းဘုံ ဖြစ်သည်။ သရုပ်ဆောင်များအဖြစ် နိုင်နိုင်း၊ သဉ္ဇာဝင့်ကျော်၊ ဦးအောင်လွင်၊ ရဲမွန်နှင့် Home Arts သင်တန်းကျောင်းမှ သင်တန်းသားများ ပါဝင်မည် ဖြစ်သည်။

Channel 0 ဇာတ်လမ်းတွဲ အစီအစဉ်ကို ဒါရိုက်တာ ဟိန်းစိုးနှင့် မောင်သူရတို့မှ ရိုက်ကူးမည်ဖြစ်ပြီး ဇာတ်လမ်း မောင်သူရ၊ ဇာတ်ညွှန်း သူရဿဝါ၊ ဆူးခက်မင်းနှင့် ချမ်းထက်ဟန်တို့က ရေးသားထားသည်။ သရုပ်ဆောင်များအဖြစ် ဦးအောင်လွင်၊ အရိုင်း၊ ငှက်ပျောကြော်၊ ညောင်ညောင်၊ ရန်ပိုင်စိုးနှင့် Home Arts သင်တန်းကျောင်းမှ သင်တန်းသားများ ပါဝင်မည် ဖြစ်သည်။

မြန်မာ့အငြိမ့်သဘင် ရေစီးကြောင်း အစီအစဉ်ကို မေလ ၇ ရက်တွင် စတင်ရိုက်ကူးမည်ဖြစ်ကာ အပိုင်း ၁၄ ပိုင်း ပါဝင်မည်ဖြစ်ပြီး မြန်မာ့အငြိမ့် သမိုင်းကြောင်းများ ပါဝင်မည် ဖြစ်ပြီး ခေတ်အလိုက် ပြက်လုံးများ ပါဝင်မည် ဖြစ်သည်။

Channel 0 ဇာတ်လမ်းတွဲ အစီအစဉ်သည် ဟာသအစီအစဉ် တစ်ခု ဖြစ်ပြီး ရုပ်သံဌာန တစ်ခု၏ အတွင်းရေးကို ဟာသအနေဖြင့် တင်ဆက်မည်ဖြစ်ကာ အပိုင်း ၁၂ ပိုင်း ပါဝင်မည် ဖြစ်သည်။  မေလ ၁၀ ရက်တွင် စတင်ရိုက်ကူးမည် ဖြစ်သည်။

ရင်တွင်းရေး ပြဿနာ ရုပ်သံဇာတ်လမ်းတွဲကို  အပိုင်း ၁၅ ပိုင်း စတင်ရိုက်ကူးကာ စီးပွားရေး လုပ်ငန်းရှင်များ စီးပွားရေးလုပ်ငန်း တစ်ခု ဖြစ်လာရန် ရုန်းကန်ခဲ့ရပုံများကို ရိုက်ကူးတင်ဆက်မည် ဖြစ်သည်။

တမ်းတမ်းတတ ဖြစ်ခဲ့ရသော ရုပ်ရှင်သီချင်းများ အစီအစဉ်ကို မေလ ၁၀ ရက်တွင် စတင်ရိုက်ကူးမည်ဖြစ်ပြီး တေးသီချင်း ပုဒ်ရေ ၁၀၀ ကျော် ပါဝင်မည် ဖြစ်သည်။

မြန်မာ့အငြိမ့်သဘင် ရေစီးကြောင်း အစီအစဉ်နှင့် တမ်းတမ်းတတ ဖြစ်ခဲ့ရသော ရုပ်ရှင်သီချင်းများ အစီအစဉ်ကို ဇူလိုင်လဆန်းတွင် စတင်ပြသရန် စီစဉ်ထားပြီး MRTV Entertainment Channel ၌ ထုတ်လွှင့်ပြသမည် ဖြစ်သည်။ ရင်တွင်းရေး ပြဿနာ ရုပ်သံဇာတ်လမ်းတွဲနှင့် Channel 0 ဇာတ်လမ်းတွဲ အစီအစဉ်ကို ဩဂုတ်လဆန်းတွင် MRTV Entertainment Channel ၌ ထုတ်လွှင့်ပြသမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly