သူ့ အမေပြောတဲ့ ဖြိုးဖြိုးအောင်

သူ့ အမေပြောတဲ့ ဖြိုးဖြိုးအောင်

ရန်ကုန် (မဇ္ဈိမ) ။ ။ သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်ဟာ ၂ဝ၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ဇွန်လ ၆ ရက်မှာ ရရှိခဲ့ပါတယ်။

ဒီဆုကို ပြည်ပရောက် မြန်မာမိသားစုတွေဖြစ်တဲ့ ပြည်သူ့ဂုဏ်ရည်အသင်းက ကြီးမှူးပြီး ပေးအပ်တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း နယူးယောက်ပြည်နယ် ယူတီကာမြို့မှာကျင်းပတဲ့ အခမ်းအနားကနေ ဆုရရှိသူတွေကို ကြေညာခဲ့ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုရှင် မဖြိုးဖြိုးအောင်ရဲ့ ငယ်စဉ်ဘဝ၊ နိုင်ငံရေးဘဝတွေကို သူ့မိခင် ဒေါ်သန္တာကို မေးမြန်းပြီး
ဖော်ပြပေးလိုက်ပါတယ်။

ငယ်ငယ်တုန်းက ဖြိုးဖြိုးအောင်

"ဖြိုးဖြိုးကို ၂၅-၈-၁၉၈၈ မှာ မွေးတယ်။ သမီးဆယ်လ အရွယ်မှာ သူ့အဖေ (ဒေါက်တာ နေဝင်း) က (နိုင်ငံရေး လှုပ်ရှားမှုကြောင့်) ထောင်ကျသွားတယ်။ အမေဖြစ်တဲ့ အန်တီကလည်း မိသားစု စားဝတ်နေရေးအတွက် ရုန်းကုန်ဖို့ အပြင်ထွက်ရှာရတော့ သမီးက ဘိုးဘွားလက်ထဲမှာပဲ ကြီးပြင်းလာရတယ်။ သမီးက ငယ်ငယ်ကတည်းက ငိုတာ၊ ရီတာနည်းတယ်။ သူများကို အနှောက်အယှက ်မပေးတတ်ဘူး။ အမေက နွေးနွေးထွေးထွေး ချော့သိပ်နိုင်တဲ့ အမေ မဟုတ်ဘူး။ အဘိုးဘွားရင်ငွေ့နဲ့ ကြီးပြင်းလာရတော့ သူများကလေးနဲ့ မတူဘူးဆိုတာ သူ့ကိုယ်သူ သိတယ်။ ပင်ကိုယ်ကလည်း နားလည်မှုပေးနိုင်တဲ့ကလေးဖြစ်တယ်။

အိမ်မှာက အိမ်သားခြောက်ယောက်မှာ ဖြိုးဖြိုးက အငယ်ဆုံး။ တစ်ဦးတည်းသောသမီး။ ဒါပေမဲ့ အိမ်ရဲ့ အခြေအနေအရ ဦးစားပေးခံရတဲ့ ဘဝမျိုး မရခဲ့ဘူး။ ဒါကို သမီးက နားလည်ပေးတယ်။

ငယ်ငယ်ကတည်းက ဘယ်သူ့ကို မုန်းတယ်၊ ချစ်တယ် စသဖြင့် ပြန်မပြောပြတတ်ဘူး။ အေဆေးတယ်။ သူ့ကိစ္စကို အိမ်ကိုလည်း သယ်မလာတတ်ဘူး။"

"ဖြိုးဖြိုးငယ်ငယ်ကတည်း အကောင်သေးသေးလေးပဲ။ ကျောင်းမှာ ကလေးချင်း စနောက်ပြီး ခြေထိုးခံလိုက်တော့
သေးသေးလေးဆိုတော့ လိမ့်လိမ့်သွားတာ တော်တော်ဝေးဝေးရောက်ပြီး လဲသွားတယ်။ ဒဏ်ရာလည်း ရတာပေါ့၊ အိမ်ရောက်တော့ သူ့အဘွားက ဒေါသထွက်ပြီး သွားပြောမယ်လုပ်တော့ သူကတားတယ်။ သူငယ်ချင်းကလည်း နာစေချင်လို့လုပ်တာ မဟုတ်ပါဘူး။ သူငယ်ချင်းချင်း စနောက်ပြီး ဖြစ်တာပါလို့ တားတာ။ သူကအဲဒီအချိန်က မူကြိုအရွယ်လေးပဲရှိသေးတယ်။ သမီးကြီးလာတော့ အတန်းကျောင်းတက်တဲ့အရွယ် ကျောင်းမှာ ဖိနပ်ပျောက် လာတယ်။ သူ့အဘိုးအဘွားကို သူက ဘယ်လိုပြောသလဲဆိုတော့ ဖိနပ်ပျောက်သွားတာ ယူသွားတဲ့သူက ခိုးတာမဟုတ်ဘူး၊ စီးစရာမရှိလို့ ယူသွားတာ၊ မတိုင်ပါနဲ့လို့ ပြောတယ်။

သမီးက လောဘလည်း နည်းတယ်။ သူငယ်ငယ်က အမေဈေးရောင်းကပြန်လာရင် သူ့အတွက် အရင်ဦးစားမပေး နိုင်ဘူး၊ အိမ်မှာက မိသားစုခြောက်ဦးရှိတယ်။ အဲဒီထဲမှာ လေဖြတ်နေတဲ့ ဖြိုးဖြိုးရဲ့အဘိုး၊ ဉာဏ်ရည်မမီတဲ့အန့်တီ မောင်လေး ဖြိုးဖြိုးဦးလေးတို့ကို ဦးစားပေးလုပ်ပေးလိုက်ရတယ်။

မုန့်ဆိုတာလည်း ဈေးရောင်းမကောင်းရင် ပါမလာနိုင်ဘူး။ သမီးကဒါကိုနားလည်ပေးတယ်။ ဖြိုးဖြိုးက အန်တီ့ကို တစ်ခါမှ အပြစ်မတင်ဘူး။ ပူလည်း မပူဆာဘူး။ ငယ်ငယ်ကနေ ခုအရွယ်အထိ အလှအပအတွက်ဆို တစ်ခါမှ မပူဆာဖူးဘူး။"
အမျိုးသမီးပေမယ့် အမှန်တရားအတွက် ရှေ့ထွက်ရမယ်။

"သမီးကို သူ့အဖေနဲ့ ပတ်သက်ပြီးတော့ အန်တီက အမြဲရှင်းပြ၊ ပြောပြတယ်။ ဖေဖေက ထောင်ကျနေတာမှန်တယ်။ သို့သော်လည်းမကောင်းမှုလုပ်လို့၊ မဟုတ်တာလုပ်လို့ ထောင်ကျနေတာ မဟုတ်ဘူး။ နိုင်ငံအတွက်၊ လူမျိုးအတွက် ကြိုးစားလုပ်ဆောင်ရင်း ထောင်ချခံရတာဖြစ်တယ်။ ထောင်ကျတယ်ဆိုတိုင်း မကောင်းလို့မဟုတ်ဘူး။ နိုင်ငံအတွက်၊ လူမျိုးအတွက် အလုပ်လုပ်နေရင်း ထောင်ကျသွားတဲ့ ဖေဖေ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေ ထောင်ထဲမှာအများကြီး ရှိနေတယ်ဆိုတာကို ရှင်းပြတယ်။

သူ့အဖေထားခဲ့တဲ့ စာတွေသမီးကို ဖတ်ပြတယ်။ သမီးကိုစာနဲ့ စကားပြောတယ်လို့ ပြောရမယ်။ အန်တီတို့ တစ်အိမ်လုံးက စာဖတ်ဝါသနာပါကြတယ်။ အဘိုးအဘွားကလည်း စာတွေဖတ်ပြတယ်။ စာထဲက အကြောင်းအရာ တွေ ကလေးကို ရှင်းပြကြတယ်။ အထူးသဖြင့် သမီးရဲ့အဘိုး ဦးရဲဝင်းထွန်း (ဝရဇိန်ရဲဝင်းထွန်း) ပေါ့။

သူ့အဘိုးက ဖြိူးဖြိုးကို လူမှုဆက်ဆံရေးလည်း သွန်သင်တယ်။ လူမျိုးမရွေး၊ ဘာသာမရွေး တန်းတူဆက်ဆံရေး သင်ပေးတယ်။ အဖိနှိပ်ခံလူတန်းစားဘက်က အမြဲတမ်းရပ်တည်ပါလို့ မှာတယ်။ 'သစ်လဲ၊ ဝါးလဲ ကျော်ကောင်းတယ်၊ လူလဲနေရင် ကျော်မကောင်းဘူး' ဆိုတာ သူ့အဘိုးရဲ့ ဖြိုးဖြိုးကိုဆုံးမစကားပါပဲ။

အိမ်မှာ ဘာသာရေးအစွန်းရောက်တာမရှိဘဲနဲ့ ကိုယ့်ဘာသာကို ဘယ်လို ခရေစေ့တွင်းကျ လေ့လာ ရမယ်ဆိုတာကိုပဲ သင်ကြားပေးတယ်။ အမျိုးသမီးတွေကို ဖိနှိပ်တာကို လက်မခံံဖို့၊ အမျိုးသမီးပေမယ့် အမှန်တရားအတွက်ဆိုရင် ရှေ့ထွက်ရမယ်၊ သတ္တိရှိရမယ်ဆိုတာတွေကို အန်တီက သူငယ်ချင်ပေါင်းပေါင်းပြီး အမြဲပြောပြတယ်။ သမီးနဲ့အမေ ပွင့်ပွင့်လင်းလင်းပဲ ဆက်ဆံပြောဆိုတယ်။"

တက္ကသိုလ်ကျောင်းသူ ဖြိုးဖြိုးအောင်

"ဖြိုးဖြိုးက ၂၀၀၅ မှာ ဆယ်တန်းအောင်တော့ GTC (မြို့ပြအင်ဂျင်နီယာ) တက်ခွင့်ရတယ်။ ကျောင်းမတက်ရခင်မှာ အမေရိကန်စင်တာမှာ အင်္ဂလိပ်စာသင်တန်းတက်တယ်။ ဒီအချိန်မှာပဲ သူ့အဖေ အဆက်အသွယ် နိုင်ငံရေး လောကသားတွေနဲ့ ဆုံတယ်။ ဗကသကျောင်းသားတွေနဲ့ ဆုံဖြစ်တယ်။ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို စိတ်ပါဝင် စားလာပြီးတော့ ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားတော့ အဖမ်းခံရဖို့ ဖြစ်လာတော့ တိမ်းရှောင်ရင်း နဲ့ဆိုတော့ ကျောင်းနားထားလိုက်ရတာပေါ့။"

နိုင်ငံရေးခြေလှမ်းမှသည် အကျဉ်းထောင်သို့

"ဖြိုးဖြိုး ဆယ်တန်းနှစ်မှာ သူ့အဖေ ကိုနေဝင်းက ထောင်ကလွတ်လာတယ်။ ၁၅နှစ်နဲ့ သုံးလကြာတာပေါ့။ ၂၀၀၄ ခုနှစ် မှာမှ လွတ်လာတာ။ ကိုနေဝင်း အပြင်ရောက်လာပြီဆိုတော့ သမီးကို နိုင်ငံရေးလောကထဲက လူတန်းစားအမျိုးမျိုးနဲ့ ထိတွေ့စေပြီး နိုင်ငံရေးလောကထဲ ထဲထဲဝင်ဝင် သမီးကိုအရောက်ပို့နိုင်ခဲ့တယ်ပေါ့။

ပထမဆုံး အနေနဲ့ ဖြိုးဖြိုး နိုင်ငံရေးလောကမှာ စတင်လှုပ်ရှားခဲ့တာကတော့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုပါ။ ဒီအတွက် သားအဖနှစ်ယောက်လုံးကို ဖမ်းတယ်။ ဖမ်းဆီးခံရမှာကို တိမ်းရှောင်ရင်းနဲ့ ၂၀၀၈ နာဂစ် ဖြစ်တဲ့ အချိန်ရောက်လာတယ်။ ဒီအချိန်မှာ သူ့အဖေက သူရဲ့သူငယ်ချင်း နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်ဆန်းနဲ့အတူ အစိုးရက နာဂစ်မှာ တာဝန်မဲ့စွာ ပစ်ထားတဲ့အလုပ်တွေကို အတူတူလုပ်ဆောင်ခဲ့တယ်။ သမီးကလည်း သူ့အဖေနဲ့အတူတူ လုပ်ဆောင်ခဲ့တယ်။"

"ဖြိုးဖြိုးနဲ့အတူ လင်းထက်နိုင်၊ ဖုန်းပြည့်ကြွယ်၊ ရှိန်းအာကာထွန်း စတဲ့ လူငယ်တွေ ပါပါတယ်။ အလောင်းတွေ သဂြိုံလ်ဖို့ သွားတယ်။ ဒါတွေလုပ်ဆောင်ပြီးအပြန် ဘိုကလေးမှာ အဖမ်းခံရတယ်။ ၂၀၀၈မှာပေါ့။ အကုန်လုံးပဲ အဖမ်းခံခဲ့ရတယ်။ ဖမ်းခံရတော့ ဘားအံထောင်မှာ ထောင်ကျခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာပေါ့။ သူ့အဖေက မော်လမြိုင်ထောင်မှာ ကျခဲ့တယ်။ ဖြိုးဖြိုးက လေးနှစ်၊ သူ့အဖေက နှစ်နှစ်။ ထောင်ကျချိန်မှာ ဖြိုးဖြိုးက အသက် ၁၉ နှစ်ပဲ ရှိသေးတယ်။

သမီးက ထောင်ကျပြီးနောက်ပိုင်းမှာ နိုင်ငံရေးစိတ်ဓာတ်ပိုမိုရင့်ကျက်လာတယ်။ ဘာလို့လဲဆိုတော့ အစိုးရဲ့ တာဝန်မကျေမှု၊ အာဏာရှင်စနစ်ကျင့်သုံးမှုတွေကို ထောင်ထဲမှာ မျက်မြင်ဒိဌ သူတွေ့ခဲ့ရတယ်။ ပြန်လွတ်လာချိန်မှာ သမီးကပြောတယ်၊ အမျိုးသမီးတွေလည်းထောင်ထဲမှာ ကျောက်ထုရတာ တွေ့လာရတယ်။ တူမရှိလို့ ကျောက်တုံး အချင်းချင်းထုရတယ်။ ရလာတဲ့ လုပ်ခက (ဆပ်ပြာလက်နှစ်လုံးလောက် စသဖြင့်) မစို့ မပို့၊ ဒါတွေအပြင် ထောင်ဝန်ထမ်း အမျိုးသမီးတွေရဲ့ ထောင်ကျ အမျိုးသမီးတွေအပေါ် အမျိုးသမီးအချင်းချင်း ဆက်ဆံရေးဆိုးရွားပုံ၊ ထောင်ထဲကစနစ်တွေ၊ ထောင်ကျပြီဆိုတာနဲ့ မကောင်းတဲ့လူတွေလို့ မြင်ပုံတွေ ဒါတွေကို်ယ်တိုင်မြင်ခဲ့၊ ကြုံခဲ့ပြီးတဲ့ နောက်မှာ စနစ်တစ်ခုကို ပြောင်းကိုပြောင်းမှ ရတော့မယ်လို့ ပြောခဲ့တယ်။

ထောင်က ထွက်လာပြီးနောက်ပိုင်းမှာ သမီးဟာ ပိုမိုရင့်ကျက်တဲ့ နိုင်ငံရေး စိတ်ဓာတ်ရှိသူ၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိသူဖြစ်လာတာကို တွေ့မြင်လာရတယ်။ ထောင်ကလွတ်လာပြီးမှာ ဗကသ လှုပ်ရှားမှုတွေကို သူ့ညီအစ်ကို မောင်နှမတွေနဲ့အတူ ပြင်းပြင်းထန်ထန် စိတ်အားတက်ကြွစွာ ဇွဲမာန်အပြည့်နဲ့ လုပ်ဆောင်လာတယ်။
အိမ်ကိုပစ်၊ တစ်နေ့လုံး၊ တစ်ခါတစ်လေ တစ်ညလုံးပေါက် ပြန်မလာဘူး။ သူယုံကြည်ရာကို စိုက်လိုက်မတ်တပ် လှုပ်ရှားခဲ့တယ်။ ဒီလိုနဲ့ အားလုံးသိတဲ့အတိုင်း ကျောင်းသားသပိတ်လှုပ်ရှားမှု ဖြစ်လာတော့လည်း သမီးဟာ နောက်ဆုံးအချိန် လက်ပံတန်းမှာ အဖမ်းခံရချိန်အထိ ပင်မသပိတ်စစ်ကျောင်းနဲ့အတူရှိနေခဲ့ပြီး သူယုံကြည်ရာအတွက် တိုက်ပွဲဝင်ခဲ့တယ်။"

ပြည်သူ့ ဂုဏ်ရည်ဆု ရရှိတဲ့အပေါ်

"မြန်မာပြည် မျိုးဆက်သစ်တွေ အများစုရဲ့အနာဂတ်က ပျောက်လုနီးနီး ဖြစ်နေတယ်။ လူငယ်တွေဟာ ပညာရေးကို ပန်းတိုင်အထိ ဆက်လက်မလှမ်းနိုင်တော့တာ အများစုဖြစ်နေပြီး၊ ဘွဲ့ရလူငယ်တွေဟာလည်း အမည်အားဖြင့် သာဘွဲ့ရတာ၊ တကယ့်တမ်း အသုံးကျသော အသိပညာ၊ အတတ်ပညာ မရရှိကြပါဘူး။ ဒါဟာ အစိုးရက လက်ဝါးကြီးအုပ်ကြိုးကိုင်ထားတာမို့ သိပ်ကို စိတ်နာစရာကောင်းတယ်။

နိုင်ငံနဲ့အဝန်းမှာရှိတဲ့ ပညာမဲ့တဲ့ကလေးတွေရဲ့ဘဝတွေ ဘယ်လိုတွေဖြစ်ကုန်ကြသလဲ။ ယနေ့ မီဒီယာတွေမှာ ဖော်ပြနေကြတာတွေကိုကြည့်ရင် သိသာထင်ရှားစွာ မြင်နေရပါတယ်။ ဒါဟာ နိုင်ငံရဲ့ ပညာရေးကို ပုံပျက်ပန်းပျက် ပုံဖော်ခဲ့တာကြောင့်ပါပဲ။ ဒီအတွက် ဖြိုးဖြိုးအပါအဝင် နိုင်ငံရေးအသိစိတ်ဓာတ်ရှိတဲ့ လူငယ်တွေက ပညာရေး ဥပဒေကို ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ ဒီလိုအမှန်တရားအတွက် အလုပ်လုပ်နေတဲ့ ဒီလိုလူငယ်တွေကို ထောင်ထဲထည့်တယ်။ ဒီအတွက် မြန်မာနိုင်ငံမှာရှိတဲ့ မိခင်တွေကိုယ်စား ဝမ်းနည်းမိတယ်။

ဒီလိုဝမ်းနည်းမိချိန်မှာ အခုလို မျိုးသမီးအတွက် ပြည်သူ့ဂုဏ်ရည်ဆု ရရှိတော့လည်း ကျွန်မသမီးတစ်ဦး တည်းအတွက် စိတ်ခံစားချက်မဖြစ်ဘဲနဲ့ တိုက်ပွဲဝင် လူငယ်တွေထဲက တစ်ဦးက ရရှိတာမို့ တိုက်ပွဲဝင်လူငယ် တွေအားလုံးကိုယ်စား ဝမ်းသာတယ်။ ဂုဏ်ယူတယ်လို့ ပြောရမှာတော့ စောသေးတယ်။ မဖြိုးဖြိုးအောင် အနေနဲ့ နိုင်ငံရေးဝမ်းစာပြည့်ဖို့ လိုသေးတယ်လို့ ခံယူထားလို့ပါ။ နိုင်ငံ့အရေးအတွက် နိုင်ငံရေးသူရဲကောင်းတွေ အများကြီးရှိပါတယ်။ သူတို့ကို ချီးမြှင့်ဖို့ လိုနေသေးပါတယ်။"

အိမ်ပြန်လာချိန် မျှော်လင့်သော်လည်း မပြန်လာလည်း ဝမ်းမနည်းဘူး

"ဖြိုးဖြိုးက အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တာပါ။ သူကအမှန်တရားလမ်းကြောင်းပေါ် လျှောက်တာဖြစ်တယ်။ သမီးအိမ်ပြန်လာချိန်ကို မျှော်လင့်နေပေမယ့် အိမ်ပြန်မလာနိုင်ခဲ့ရင်လည်း ဝမ်းနည်းမနေဘဲ အားပေးနေတဲ့ ပြည်သူတွေကြောင့် စိုးရိမ်သောကတွေကြားထဲကနေပဲ ရဲရဲရင့်ရင့် သတ္တိရှိရှိနဲ့ ဥပဒေကြောင်းအရ ပြန်လည် ရင်ဆို်င်သွားမယ်။ ဥပဒေဘက်တော်သားအဖြစ် ရပ်တည်ပြီး ဖြစ်လာသမျှအရာရာကို သမီးနဲ့ ရင်ချင်းထပ်တူ ဆက်လက်ရှင်သန်နေထိုင်ရင်း ဘဝတိုက်ပွဲသွားမယ်"

(ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်က လက်ပံတန်း ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး မဖြိုးဖြိုးအောင် ဟာ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်းရံပြည်သူ ၇၀ ကျော်နဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သာယာဝတီထောင်မှာ ဆက်လက် အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။)

ထက်ထက်အောင် ရေးသားသည်။

Mizzima Weekly