ဒေါ်လာပေါက်စျေးနှင့် အပြိုင် ပြည်တွင်း ရွှေစျေးများ ဆက်တိုက်မြင့်တက်လာ

ဒေါ်လာပေါက်စျေးနှင့် အပြိုင် ပြည်တွင်း ရွှေစျေးများ ဆက်တိုက်မြင့်တက်လာ
ရန်ကုန်မြို့တွင်းရှိ ရွှေဆိုင် တစ်ဆိုင်အား တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

ရန်ကုန် (မဇ္ဈိမ)။ ။ ဒေါ်လာပေါက်ဈေးနှင့် အပြိုင် ပြည်တွင်း ရွှေဈေးများ ထပ်မံမြင့်တက်လာသည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်း ရှင်အသင်းနှင့် ရွှေဆိုင်လုပ်ငန်း တာဝန်ရှိသူများက ပြောသည်။

သြင်္ကန်တွင်းနောက်ပိုင်း တောက်လျှောက်မြင့်တက်ခဲ့သည့် ပြည်တွင်း ငွေလဲလှယ်နှုန်းမှာ ယခုမေလဆန်းပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၀၉၀ ကျပ်အထိရှိလာနေပြီး ပြည်တွင်း ရွှေဈေးနှုန်းမှာ ၆၈၈,၀၀၀ ကျော် အထိမြင်တက်လာခဲ့သည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။
 
“ဒေါ်လာဈေး တောက်လျှောက်တက်နေတော့ ပြည်တွင်း ရွှေဈေးနှုန်း တောက်လျှောက်မြင့်တက်နေတာပါ၊ ဧပြီလလယ်လောက်က ၆၆၅,၀၀၀ ပဲရှိခဲ့တာ၊ အခုလမှာ ၆၈၈,၀၀၀ ကို ရောက်နေပြီ၊ နိုင်ငံတကာ ရွှေဈေးတွေလဲတက်နေတာ မြန်မာတစ်ခုတည်း ကွက်ပြီး ဖြစ်နေတာတော့ မဟုတ်ပါဘူး” ဟု ပြောသည်။
 
ရွှေဈေး တောက်လျှောက်မြင့်တက်ခြင်းကြောင့် ပြင်ပ ရွှေဝယ်ရောင်းဈေးကွက်တွင် အဝယ်ထက်အရောင်းကိုသာ ပိုမိုအားသန်နေကြသည်ဟု ရွှေဘုံသာလမ်း အခြေစိုက် ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦး ကပြောသည်။
 
သမာဓိ ရွှေဆိုင်လုပ်ငန်းရှင် ဦးဝင်းထွန်းက “ရွှေဈေး အတက်ဘက်ရောက်နေတော့ အဝယ်အေးနေတယ်၊ ဒေါ်လာဈေးက သြင်္ကန်မတိုင်ခင်ကတည်းက တက်နေတာ၊ အခုလဲတစ်ဖြည်းဖြည်းဆက် တက်နေတော့ သိပ်မဝယ်ရဲကြဘူး၊ ရွှေဈေး ၆၉၀,၀၀၀ လောက်ဆိုရင်တော့ အားလုံးထုတ်ရောင်းဖို့ ဖြစ်လာရင် အဲဒီအချိန်ကျရင်တော့ ဈေးနည်းနည်း ပြန်ထိန်းသွားမယ်”ဟုဆိုသည်။
 
ဒေါ်လာငွေကြေးမြင့်တက်မှုနှင့် နိုင်ငံတကာ စီးပွားရေး အပြောင်းအလဲများကြောင့် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ၁,၁၉၀  ဒေါ်လာဝန်းကျင်အထိေ ရာက်ရှိလာနေသည်ဟုလည်း ရွှေဘုံသာလမ်း အခြေစိုက် ရွှေဆိုင်းလုပ်ငန်းရှင်များက ပြောသည်။
 
ပြည်တွင်း ဒေါ်လာငွေလဲလှယ်နှုန်းများ ထပ်မံမြင့်တက်လာပါက ပြည်တွင်း အကယ်ဒမီရွှေ တစ်ကျပ်သားလျှင် ၆၉၀,၀၀၀ ကျော်အထိ ထပ်မံမြင်တက်လာနိုင်သည်ဟု အဆိုပါရွှေလုပ်ငန်းရှင်များက ခန့် မှန်းပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly