နီပေါငလျင်ကို အခွင့်ကောင်းယူကာ ကလေးများရောင်းစားခံရမည့် အန္တရာယ်များနေ

နီပေါငလျင်ကို အခွင့်ကောင်းယူကာ ကလေးများရောင်းစားခံရမည့် အန္တရာယ်များနေ
နီပေါငလျင်လှုပ်အပြီး ယာယီတဲများအနီး နီပေါကလေးငယ်များကို တွေ့ရစဉ်။ ဓါတ်ပုံ-အေအက်ဖ်ပီ

နီပေါနိုင်ငံတွင် ဧပြီလအတွင်းက အားပြင်းငလျင် ပထမအကြိမ် လှုပ်ခဲ့စဉ်ကစကာ ကလေးများကို မှောင်ခိုရောင်းချခံ ရမည့်ဘေး များအတွက် အန္တရာယ်ပိုများပြားလာကြောင်း၊မိဘမဲ့ဂေဟာများ သို့လည်းမလိုအပ်ပဲ၊ တရားဝင်မဟုတ်ဘဲလာရောက် ပို့ဆောင်ခြင်း များလည်း များပြားလာနိုင် ကြောင်း ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က ပြောသည်။

ဧပြီ ၂၅ ရက်နှင့် မတ် ၁၂ ရက်တို့တွင် အင်အားပြင်းငလျင် နှစ်ခုကို ရင်ဆိုင်ခဲ့ရသည့် နီပေါနိုင်ငံ တွင် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် မိသားစုပေါင်း ထောင်ပေါင်းများစွာ ရှိခဲ့သည်။ ယင်းငလျင်ကြီးနှစ်ခု အတွင်း သေဆုံးသူပေါင်းမှာလည်း ၈,၀၀၀ ခန့် ရှိသည်။

အဆိုပါ သဘာဝဘေးကို ဒေသတွင်းရှိ လူမှောင်ခိုဂိုဏ်းများက အခွင့်ကောင်း ယူလာနိုင်သည်ဟု လူ့အခွင့်အရေးအဖွဲ့က စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

ပြည့်တန်ဆာအဖြစ်လည်းကောင်း၊ ကလေးအလုပ်သမားအဖြစ်လည်းကောင်း ခိုင်းစေရန်  နှစ်စဉ် ကလေးမှောင်ခိုကူး မှုပေါင်း ထောင်နှင့်ချီဖြစ်ပွားသည့် နီပေါနိုင်ငံတွင် အဆိုပါ ငလျင်ဘေး ကြုံတွေ့လိုက်ရသည့် ကလေးများနှင့် မိသားစုများ သည် မှောင်ခိုသမားများအတွက် လွယ်ကူသည့် ပစ်မှတ်သစ်များ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ယူနီဆက်ဖ်က ပြောသည်။

မိသားစုများက ၎င်းတို့၏ ကလေးများကို မိဘမဲ့ကလေး ဂေဟာများသို့ အလွယ်တကူ ပို့လာနိုဖွယ်ရှိကြောင်းလည်း ယင်းအဖွဲ့က ပြောသည်။ နီပေါတွင် ကလေးစောင့်ရှောက်ရေး ဂေဟာများတွင် ကလေးငယ်ပေါင်း ၁၅,၀၀၀ ဝန်းကျင်ရှိနေကြောင်း၊ ယင်းကလေးငယ်များမှ ၁၀ ဦးလျှင် ရှစ်ဦးကျော်ခန့်မှာ မိဘတစ်ဦးဦး ရှိနေသေးသူများဖြစ်ကြောင်း ယူနီဆက်ဖ်က ပြောသည်။  

”ဘဝရှေ့ရေး ရတက်မအေးရတာနဲ့ ဆိုးဆိုးဝါးဝါး နေထိုင်နေရတဲ့ အခြေအနေတွေ ကြောင့် ကလေးမှောင်ခိုသမားများအတွက် အခွင့်ကောင်းပါပဲ။ မှောင်ခိုသမားတွေက ကလေးမိဘ များကို ကလေးများအတွက် ပိုပြီးကောင်းမွန်အောင် လုပ်ပေးမယ်ဆိုပြီး အလိမ်သွင်း ပြောဆိုနိုင်ပြီး ကလေးများကို အလွယ်တကူ ခေါ်သွားနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတာပါပဲ”ဟု ယူနီဆက်ဖ်မှ နီပေါတာဝန်ခံ တိုမူဟိုဇူမီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly