တောင်သူလယ်သမား အလုပ်သမားအရေးဆောင်သူကို ၈ ကြိမ်မြောက်ရုံးထုတ်

တောင်သူလယ်သမား၊ အလုပ်သမားအရေးကူညီဆောင်ရွက်သူများအဖွဲ့ အထက်မြန်မာပြည်တာဝန်ခံ ကိုမျိုးဝင်းကို ဖေဖော်ဝါရီလ ၁၈ ရက်၊မွန်းလွဲ ၁ နာရီက မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် ၈ ကြိမ်မြောက်ရုံးထုတ် စစ်ဆေးခဲ့သည်။
ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ညောင်ပင်ကျေးရွာရှိ လယ်ယာမြေ ဧက ၂၀၀၀ ကျော်ကို စည်ပင်သာယာရေးကော်မတီနှင့်စစ်မှုထမ်းဟောင်းအဖွဲ့မှ ၁၉၉၇ ခုနှစ်တွင် ရေတံခွန်တောင်ဂေါက်ကွင်းပြုလုပ်ရန်နှင့် စစ်မှုထမ်းဟောင်းသင်တန်းကျောင်း တည်ဆောက်ရန်အတွက်သိမ်းယူခဲ့သောမြေများကို ပြန်လည်ရရှိအောင် ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့ခြင်းကြောင့် ပုဒ်မ ၆၁ ဖြင့် ၂၀၁၅ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် ဖမ်းဆီးအရေးယူခံခဲ့ရခြင်းဖြစ်သည်။
"စီမံကိန်းပိုလျှံမြေကို ဝင်ပြီး ထွန်တုံးတိုက်ပွဲလုပ်တာပါ။ ဒါကို တခြားပုဒ်မတွေနဲ့မဆွဲပဲ ၆၁ နဲ့ဆွဲတာဘာသဘောလဲ။ သူတို့ပစ္စည်းဘာမှမဖျက်ဆီးဘူး။ ဒါကို ၆၁ နဲ့တရားစွဲတယ်ဆိုတော့ လူရယ်စရာဖြစ်နေတယ်။" ဟု ကိုမျိုးဝင်းကပြောသည်။
အဆိုပါရုံးထုတ်ရာသို့ ရေကြည်ညောင်ပင်၊ပတ်လည်အင်း၊ စဉ့်ကူး၊ရေထွက် စသည့်ကျေးရွာများမှဒေသခံတောင်သူ ၁၀၀ ဦးကျော်တို့က လာရောက်ဝန်းရံခဲ့ကြသည်။
(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)