တိုကျို၏ ကမ္ဘာ့အကြီးဆုံးငါးဈေးတွင် ကြွက်များဝင်ရောက်သောင်းကျန်း

.

စက်တင်ဘာ ၁၂ ။                  ။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရဲ့ ကမ္ဘာ့အကြီးဆုံး ဆုကီဂျီငါးဈေးမှာ ကြွက်တွေဝင်ရောက်သောင်းကျန်းနေတယ်လို့ သိရပါတယ်။

၈၃ နှစ်ကြာ ဖွင့်လှစ်လာခဲ့တဲ့ အဆိုပါငါးဈေးကို တိုယိုဆုကျွန်းစုမှာ ပြောင်းရွှေ့ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

ဆုကီဂျီငါးဈေးမှာရှိတဲ့ ပင်လယ်စာတွေ၊ ငါးတွေကို တိုယိုဆုကျွန်းကို သယ်ယူပို့ဆောင်နေချိန်မှာ ကြွက်တွေက ငါးဈေးထဲမှာ ၀င်ရောက်သောင်းကျန်းနေတာဖြစ်ပါတယ်။

ကြွက်တွေမ၀င်နိုင်အောင် တာဝန်ရှိသူတွေက ပိတ်ထားကြပေမယ့် ထိန်းလို့မရနိုင်ဘူးလို့ သိရပါတယ်။

“ကျွန်တော်တို့ဈေးမှာ ရောင်းတဲ့ငါးတွေ၊ ပင်လယ်စာတွေက သန့်ရှင်းတယ်။ လတ်ဆတ်တယ်။ ဒါပေမယ့် တစ်ဈေးလုံးပြောင်းတယ်ဆိုတော့ ကြွက်တွေက အနံ့ရပြီလေ။ သူတို့ကိုလည်း မထိန်းနိုင်တော့ဘူး။ ဈေးပိတ်မယ့် နောက်ဆုံးအပတ်ဆိုရင်တော့ သူတို့ကို မနည်းရှင်းထုတ်ရမှာပဲ။”လို့ ဈေးသည်တစ်ဦးက ပြောပါတယ်။

ဆုကီဂျီငါးဈေးပတ်ပတ်လည်မှာ တည်ရှိတဲ့ စားသောက်ဆိုင်တွေ၊ ဘားတွေမှာလည်း ကြွက်တွေ သောင်းကျန်းနေပြီဖြစ်ပါတယ်။

“ကြွက်ဖမ်းဖို့ ကြောင်တွေ မွေးထားလိုက်ပြီ။ ကြိုတင်ကာကွယ်တာပေါ့။”လို့ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးကပြောပါတယ်။

ဈေးထဲမှာ သောင်းကျန်းနေတဲ့ ကြွက်တွေကို ဖမ်းဖို့ စတစ်ကာအချပ်ပေါင်း ၄၀၀၀၀ ကပ်ထားမှာဖြစ်သလို ကြွက်ထောင်ချောက်တွေဆင်ပြီး အဆိပ် ၃၀၀ ကီလိုဂရမ်ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။

တိုယိုဆုငါးဈေးကို အောက်တိုဘာလ၊ ၁၁ ရက်နေ့မှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။