ရှိုးပွဲတွေနားပြီး မိသားစုကို အချိန်ပေးနေတဲ့ တေးသံရှင်မနော

.

ရန်ကုန်၊စတင်ဘာ ၇ ။             ။ ဗိုလ်အောင်ဒင်သီချင်းနဲ့ လူသိများလာတဲ့ တေးသံရှင်မနောဟာ လက်ရှိမှာ ရှိုးပွဲတွေကိုခေတ္တနားထားပြီး မိသားစုအတွက် အချိန်ပေးနေတယ်လို့ သိရပါတယ်။

မနောဟာ စက်တင်ဘာလအတွင်းမှာ တေးရေး သဟာအောင်နဲ့တွဲပြီး စီးရီးခွေအသစ်တစ်ခုထုတ်ဖို့လည်း ရှိနေပါတယ်။တေးစီးရီးအမည်နဲ့ ပါဝင်မယ့် သီချင်းအရေအတွက်ကိုတော့ ပြင်ဆင်နေတုန်းပဲလို့ သိရပါတယ်။

" ကျွန်တော့်အခွေ အောင်မြင်ရင်းအောင်မြင်ရင်းနဲ့ကျွန်တော့် အတွက်ပဲဖြစ်နေတော့ ကျွန်တော်မိသားစု အတွက် အချိန်ကိုပိုပေးရမယ်။ ကျွန်တော့်ကိုအားကိုးနေတဲ့ သားသမီးတွေ ရှိတယ်လေ။ အောင်မြင်မှုက ကျွန်တော့်အတွက်ပဲ ဖြစ်နေတဲ့ အခါကျတော့ မသင့်တော်ဘူး။ ကျွန်တော်လည်း မပျော်တော့ဘူး။ အဲ့ဒါကြောင့် ကျွန်တော် ရှိုးပွဲတွေ ခရီးသွားတာတွေ နားလိုက်တာပါ”လို့ မနောက ဆိုပါတယ်။

မနောဟာ သူ့ဘ၀ရဲ့ ပုံမှန်အချိန်တွေကို မနက်ပိုင်းမှာ သံဃာတော်တွေအတွက် ဆွမ်းခံလိုက်ပေးတဲ့ ကပ္ပိယ တစ်ယောက်အဖြစ် ဖြတ်သန်ပြီး တခြားအချိန်တွေမှာတော့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့အတူ လက်ဖက် ရည်ဆိုင်ထိုင်ခြင်း ဘာသာရေး လူမှုရေး အလုပ်တွေကို လုပ်ကိုင်ရင်းနဲ့ အချိန်ကုန်လေ့ရှိသူဖြစ်ပါတယ်။

သူဟာ လက်ရှိမှာတော့ အောင်မြင်နေတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပေမယ့် အောင်မြင်မှုတွေကို သတိနဲ့ ဆင်ခြင်နေထိုင်ပြီး ဘ၀ကို လွတ်လွတ်လပ်လပ်သာ ဖြတ်သန်းချင်တယ်လို့ သိရပါတယ်။ဒါ့အပြင် အနုပညာ လောကမှာ ရိုက်ခတ်နေတဲ့ မူးယစ်ဆေးဝါးကိစ္စတွေကိုလည်း ရှောင်ကြဉ်တဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

" မူးယစ်ဆေးနဲ့ပတ်သက်လို့တော့ ကျွန်တော်ကိုယ်တိုင်မသုံးဘူးလို့လားတော့မသိဘူး။ အဲ့အရသာ ဘာလည်းမသိ။ သွားလုပ်လို့ဖြတ်မရမှာကြောက်လို့ မလုပ်ရဲဘူး။ ကြောက်လည်းကြောက်တယ်လေ။ ကျွန်တော်တို့သမိုင်းမှာ ကလေးတွေပါ နောင်ရေးထိခိုက်သွားမှာလေ။ ကျွန်တော်မလုပ်ရဲဘူး" လို့တေးသံရှင် မနော မှဆိုပါတယ်။

မနောဟာ မိချော၊ ကြာဖြူ ၊ နွေ ၊ ဗိုလ်အောင်ဒင် နဲ့ ပရဟိတအမည်ရှိတဲ့ တေးသီချင်းတွေနဲ့အတူ လူကြိုက်များတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ တေးရေး သဟာအောင်ရဲ့ တေးစီးရီးအသစ်နဲ့ တေးသံရှင် သီတာသိမ့်တို့ရဲ့ တေးစီးရီးတွေမှာ ပါဝင်ကူညီသီဆိုမှုတွေကိုလည်း ပြုလုပ်ထားသူ ဖြစ်ပါတယ်။