‘ဆွာ’ရေဘေးသင့်ဒဏ်ခံရတဲ့ ရွှေသပြေကျေးရွာ အခြေအနေ

 

နိုင်ငံပိုင်သတင်းစာမှာ စိုးရိမ်ဖွယ်ရာမရှိဘူးလို့ ရေးသားဖော်ပြခဲ့တဲ့ ဆွာချောင်းတမံဟာ နောက်တစ်ရက်အကြာ ဩဂုတ် ၂၉ရက်မနက်မှာတော့ ရေပိုလွှဲ ကျိုးပဲ့ပြီး ဆွာမြို့အပါအဝင် ကျေးရွာပေါင်း ၈၅ရွာက လူဦးရေ ၆၃၀၀၀ ကျော် ရေဘေးသင့်ခဲ့ရပါတယ်။

ရေဘေးသင့်ခဲ့ရတဲ့ ကျေးရွာတွေထဲက ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးက ရွှေသပြေကျေးရွာမှာတော့ နေအိမ် ၁၈လုံး ရေထဲမျှောပါခဲ့တဲ့အထိ အထိနာခဲ့ရပါတယ်။ ရေတွေ ရုတ်တရက် တက်လာကြောင့် ရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။

ဒီကနေ့မှာတော့ ရေပြန်ကျသွားပြီဖြစ်တာကြောင့် ရွာသားတွေဟာ မိမိတို့ ကျေးရွာကို ပြန်လာကြပါပြီ။ နေစရာအိမ်မရှိတော့တဲ့အတွက် ဒေသခံတချို့ ပူဆွေးနေကြတာ တွေ့ရသလို တချို့ကလည်း နေအိမ်ပတ်ဝန်းကျင်က အမှိုက်သရိုက်တွေ၊ ရွံ့ဗွက်တွေကို ကိုယ်ထူကိုယ်ထ သန့်ရှင်းရေးလုပ်နေကြတာ တွေ့ရပါတယ်။

တခြားရွာတွေမှာ လူအသေအပျောက်ရှိခဲ့ပြီး ဒီရွာမှာတော့ လူအသေအပျောက် မရှိခဲ့ပေမယ့် ကျွဲ၊ နွားတိရိစ္ဆာန်တချို့ သေကြေပျက်စီးမှုတွေ ရှိပြီး အလားတူဖြစ်စဉ်တွေ ထပ်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

#မဇ္ဈိမ