ရိုမန်ကတ်သလစ်ဘာသာဝင်များ၏ All Souls’ Day ကို မြစ်ကြီးနားတွင် အကျဉ်းချုပ်ကျင်းပ

နိုဝင်ဘာလ ၂ ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရိုမန်ကတ်သလစ်ဘာသာဝင်များက ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့တွင် သေဆုံးသွားခဲ့သူများအတွက် ဆုတောင်းပွဲကြီး (All Souls’ Day)ကို မြစ်ကြီးနားမြို့ ရာဒါကောင်းရပ်ကွက်ရှိ ဘာသာပေါင်းစုံ ခရစ်ယာန်(RC) သင်္ချိုင်း၌ ကျင်းပပြုလုပ်ကြသည်။

အဆိုပါ ဆုတောင်းပွဲကို မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရိုမန်ကတ်သလစ် ဘာသာဝင် မိသားစုများက ပါဝင်ခဲ့ကြသည်ဟု သိရသည်။

ရိုမန်ကတ်သလစ်ဘာသာဝင်များသည် နှစ်စဉ် နိုဝင်ဘာလ ၂ ရက်နေ့တွင် သေဆုံးသွားသူများ၏ ဝိဉာဉ်များအတွက် သင်္ချိုင်းများတွင် ဆုတောင်းပွဲ ပြု လုပ်လေ့ရှိပြီး ယင်းနေ့ကို All Souls’ Day လို့ ခေါ်ကြသည်။

သေဆုံးသွားသောသူများ၏ ဝိဉာဉ်များသည် အသက်ရှင်စဉ်က ပြုလုပ်ခဲ့ကြသော အပြစ်များကို PURGATORY ဟုခေါ်သည့် ငရဲငယ်၌ ဆေးကြောရသည်ဟု ရိုမန်ကတ်သလစ်ဘာသာဝင်များက ယုံ ကြည်ကြသည်။

ထိုအပြစ်ဆေးကြောပြီးသူများ၏ ဝိညဉ်သည် ကောင်းကင်ရှိ သန့်စင်သည့်ဘုံသို့ သွားခွင့်ရသည်ဟု ယုံကြည်ထားကြသည်။

ထိုသို့ သွားခွင့်ရသူများ အတွက် ရည်ရွယ်ပြီး ကျန် မိသားစု၊ ဆွေမျိုး၊မိတ်ဆွေများက သတိတရဖြင့် ဖယောင်းတိုင်မီးထွန်းကာ သေဆုံးသူများ မြုပ်နှံရာ သင်္ချိုင်း၌ ယခုကဲ့သို့ ဆုတောင်းပေးကြခြင်းဖြစ်သည်။

“ဖယောင်းတိုင်မီးကိုတော့ ဆုတောင်းရာမှာ ခရစ်တော်ရဲ့ အလင်း၊ ခရစ်တော်ပေးတဲ့ အသက်ဆိုတဲ့ အဓိပ္ပါယ်များနဲ့ ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းရတာဖြစ်တယ်”ဟု ရိုမန်ကတ်သလစ်ဘာသာဝင်များက ဆိုကြသည်။

All Souls’ Day ကို ခရစ်တော်မတိုင်ခင် BC 160 ခန့်မှ စတင်ပြီး ပြုလုပ်ခဲ့ကြသည်ဟု သမ္မာကျမ်းစာ ဓမ္မဟောင်း၏ မက္ကာဘီကျမ်း၌ ဖော်ပြထားကြောင်း ရိုမန်ကတ်သလစ်ဘုန်းတော်ကြီးများက ဆိုကြသည်။

စစ်ကောင်စီလက်ထက် နိုင်ငံရေးမငြိမ်သက်မှုများကြောင့် ရိုမန်ကတ်သလစ်ဘာသာဝင်များ မြတ်နိုးအထွဋ်အထိပ်ထားသော All Souls’ Day ကို အကျဥ်းချုပ်ဖြင့်သာ မနက်ခင်းပိုင်းနှင့် နေ့လယ်ပိုင်းအချိန်တို့ ၌သာ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး