"ကျေးလက်ဒေသကိုရှို့တဲ့မီး မင်းတို့စစ်စခန်းတွေလောင်မြိုက်စေ" ဟူသော ဘန်နာကိုင်ဆောင်ကာ ရန်ကုန်တွင် သပိတ်အင်အားစုများ ဆန္ဒပြပွဲပြုလုပ်

စက်တင်ဘာလ ၂၄ ရက်

ရန်ကုန်တွင် သပိတ်အင်အားစုများ စုပေါင်းကာ "ကျေးလက်ဒေသကို ရှို့တဲ့မီး မင်းတို့ စစ်စခန်းတွေ လောင်မြိုက်စေ" ဟူသော ဘန်နာကိုင်ဆောင်ပြီး ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီအနေဖြင့် အာဏာသိမ်းယူပြီးနောက် ကျေးလက်ဒေသရှိ ရွာများကို မီးရှို့ခြင်း၊ ရွာသူရွာသားများကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း စသည့် အကြမ်းဖက်သည့် ဖြစ်စဉ်များရှိခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် စာသင်ကြားနေသော အပြစ်မဲ့ကလေးငယ်များအား ဖက်ဆစ်စစ်တပ်က လေကြောင်းမှ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ထို့ကြောင့် ဖက်ဆစ်စစ်တပ်၏ ယုတ်မာရက်စက်မှုများ၊ ဖိနှိပ်မှုများကို ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ငြိမ်ခံမနေဘဲ ရရာလက်နက်ဆွဲကိုင် တိုက်ပွဲဝင်ရန်လိုအပ်ကြောင်း တိုက်တွန်းထားပြီး ယနေ့ ဆန္ဒပြပွဲအား ရန်ကုန်သူပုန်များ သပိတ်ကော်မတီ ၊ Burma Youth Revolutionary Force(BYRF) ၊ပုဇွန်တောင်၊ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ-PBYSC ၊ တောင်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၊ လှိုင်သာယာမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ(လသယအကသ) စသည့် တော်လှန်ရေးပြောက်ကျား သပိတ်အင်အားစုများ ပူးပေါင်းကာ ရန်ကုန်မြို့ တစ်နေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး