၅၄၅ ရက်မြောက် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဆက်လက်ချီတက်

စက်တင်ဘာလ ၇ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၄၅ ရက်မြောက်အဖြစ် ယနေ့ စက်တင်ဘာ ၇ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် WAB (Women Alliance Burma) ဖွဲ့စည်းခြင်း အထိမ်းအမှတ်အဖြစ် “အမျိုးသမီးတွေမပါလျှင် ဒီတိုက်ပွဲမအောင်နိုင်ဘူး” စာတန်းနှင့် ဦးကျော်မိုးထွန်း ကို သံတမန်ရာထူး ဆက်လက် ထားရှိရန်အတွက် "Accept NUG and Our Ambassador, Reject Dictator" စာတန်းကိုကိုင်စွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်းကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆက်လက်ပြီး ကျဆုံးခဲ့သော အာဇာနည်အပေါင်းအား အလေးပြုခဲ့ကြပြီး သွေးသစ္စာတေး သံပြိုင်သီဆိုကာ ကြွေးကြော်သံများနှင့် ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့သည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)