ကနီမြို့နယ်တွင် စစ်ကောင်စီတပ်၏ထိုးစစ်များကြောင့် လူဦးရေ ၅,၀၀၀ ခန့် စစ်ရှောင်နေရ

ဩဂုတ်လ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီတပ်မှ ကုန်းကြောင်း၊ ရေကြောင်းများဖြင့် နယ်မြေရှင်းလင်း စစ်ကြောင်းထိုးမှုများပြုလုပ်လာ၍ သြဂုတ်လ ၂၄ ရက်နေ့မှ စတင်ကာ ဒေသခံအများအပြားစစ်ရှောင်နေရကြောင်း သိရသည်။

စစ်ကြောင်းထိုးမှုများကြောင့် ချောင်းမ၊ သင့်ဝင်၊ မင်းမ၊ သမင်ခြံ၊ ပန်းဆိုင်း၊ တဇယ်ချောင်၊ ညောင်ပင်ဝန်း၊ မင်းကုန်းစသည့် ကျေးရွာများမှ လူဦးရေ ၅,၀၀၀ ခန့်စစ်ရှောင်နေရကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံပြည်သူတစ်ဦးကပြောသည်။

" စစ်သားတွေ လာပြီဟေ့ဆိုရင် ပြေးဖို့ လွှားဖို့ ပြင်ရပြန်၊ အသက်က လည်း ကြီးပြီဆိုတော့ စစ်သားတွေလာပြီဆိုရင် ဒူးတွေတုန်၊ အသက်ရှူရတာကို မဝဘူး။ အခုဆိုရင် မိုးတွေကရွာ ချောင်းဖြတ်ရ၊ ရိုးဖြတ်ရနဲ့ စိုဖက်လိုက်နေတာပဲ။ တောထဲရောက်ပြီဆိုတော့လည်း မီးမွှေးတာက အစမလွယ်ဘူး။ တော်တော်လေး ဒုက္ခရောက်တယ်။ ကုန်းကြောင်းရော၊ ရေကြောင်းရောဆိုတော့ စစ်ရှောင်ရွာတွေက များတယ်။ ခန့်မှန်း စစ်ရှောင်ဦးရေ ၅,ဝဝဝ ကျော်ခန့်ရှိမယ် "ဟု စစ်ရှောင် ပြည်သူတစ်ဦးကဆိုသည်။

စစ်ကောင်စီတပ်သည် သြဂုတ်လ ၂၆ ရက် နံနက် ၁၀ နာရီခန့် အချိန်တွင် ဇီးပင်တွင်းကျေးရွာအား ထပ်မံ၍ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်းလည်းသိရပြီး ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး