“ဘယ်မျဉ်းစောင်းထိထိ ငါတို့နဲ့ ငြိတာပဲ” ကမ်ပိန်း ယနေ့စတင်ကာ ၃ ရက် ကြာပြုလုပ်သွားမည်

ဩဂုတ်လ ၂၃ ရက်

စစ်ကောင်စီတပ်ကို ခုခံတော်လှန်မှုအားကောင်းရာ တိုင်းဒေသကြီးများ၏ နိုင်ငံသား မှတ်ပုံတင်နံပါတ်ကိုင်ဆောင်သူများအပေါ် ဖိနှိပ်မှုကိုဆန့်ကျင်သည့် “ဘယ်မျဉ်းစောင်းထိထိ ငါတို့နဲ့ ငြိတာပဲ” ကမ်ပိန်းကို ယနေ့ သြဂုတ်လ ၂၃ ရက်မှ စတင်၍ သုံးရက် ကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ်ပိန်းသုံးရက်တာကာလအတွင်း အွန်လိုင်းကမ်ပိန်း၊ တီရှပ်ကမ်ပိန်း၊ လူထုကို လှုံဆော်သည့် သပိတ်များပြုလုပ်ခြင်း၊ လက်ကမ်းစာစဉ်များဖြန့်ဝေခြင်း တို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ ဒီလိုမျိုးအလုပ်သမားအခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာကို ကုမ္ပဏီ brand တွေလည်း သိအောင်၊ နိုင်ငံတကာကလည်း သိအောင် ကမ်ပိန်းတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ပြီး ချပြရမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ၏ တွဲဘက်အတွင်းရေးမှူး ဒေါ်အိအိဖြူက ပြောသည်။

နိုင်ငံသားမှတ်ပုံတင်ကတ်ပြားတွင် အမှတ် (၅) မျဉ်းစောင်းနှင့်စသည့် စစ်ကိုင်းတိုင်း၊ (၈) မျဉ်းစောင်းနှင့်စသည့် မကွေးတိုင်း၊ (၉) မျဉ်းစောင်းနှင့်စသည့် မန္တလေးတိုင်းတို့မှာ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ကို ခုခံတော်လှန်မှုအားကောင်းရာ ဒေသများ ဖြစ်သည်။

စစ်ကောင်စီတပ်နှင့် လက်အောက်ခံများသည် အဆိုပါဒေသများမှ ပြည်သူများအပေါ် လုပ်ငန်းခွင်အတွင်းထိ ဖိနှိပ်မှုများလုပ်ဆောင်လာသည်ကို ဝိုင်းဝန်းဆန့်ကျင်ကြရန် အလုပ်သမား အဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအဖွဲ့ အစည်းများ ပူးပေါင်းကာ ယခုကမ်ပိန်းကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒါကတော့ တော်လှန်ရေးဒေသတွေက မှတ်ပုံတင်နံပတ်မျဉ်းစောင်းကိုင်ထားတဲ့ အလုပ်သမားတွေကို လုပ်ငန်းခွင်တွေက လက်မခံဘူး။ ရပ်ကွက်ထဲက မောင်းထုတ် တာတွေ၊ ဧည့်စာရင်းလက်မခံတာတွေ ဖြစ်နေတယ်။ ပြီးတော့ အလုပ်သမားတွေထဲမှာမှ အခုလိုမျဉ်းစောင်းတွေ ဖိနှိပ်ခံရတဲ့အပေါ် ဒါမျိုးမဖြစ်သင့်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ call ခေါ်ထားတာဖြစ်ပါတယ်” ဟု FGWM ၏ တွဲဖက်အတွင်းရေးမှူးက ပြောသည်။

ဇူလိုင်လနှင့် သြဂုတ်လ နှစ်လအတွင်း ရန်ကုန်တွင် အလုပ်လုပ်နေသည့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးမှ အလုပ်သမားများကို ခြိမ်းခြောက် အလုပ်ထုတ်မှုများ ခပ်စိတ်စိတ် တွေ့လာရကြောင်း မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ၏ တာဝန်ရှိသူများထံက သိရသည်။

FGWM မှ ရရှိထားသည့် အချက်အလက်များအရ နှစ်လအတွင်း လှိုင်သာယာမြို့နယ်နှင့် ရွေပြည်သာမြို့နယ်ရှိ စက်ရုံငါးရုံမှ အလုပ်ထုတ်ခံရသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းမှ အလုပ်သမား ဦးရေ ၂ဝဝ ကျော် အထိရှိလာပြီဖြစ်ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ် ။ ။အောင်ကျော်ဖြိုး