မန္တလေးမြို့တွင် စစ်ကောင်စီတပ် စစ်ဆေးတင်းကျပ်နေသည့်ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ

ဩဂုတ်လ ၂၃ ရက်

မန္တလေးမြို့တွင် ယနေ့ ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေသည့်ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ကြသည်ဟု သိရသည်။

“သွေးကြွေးဆပ်မယ့် မျိုးဆက် မင်းတို့ကြောက်တဲ့ GZ “စာတမ်းပါ ပိုစတာကိုင်ဆွဲ၍ မြို့တွင်းအဓိကလမ်းမကြီးပေါ်အထိ တက်ရောက်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး မန္တလေးသံဃသမဂ္ဂနှင့် မန္တလေးသပိတ်အင်အားစုတို့ ပူးပေါင်းပါ၀င်ခဲ့ကြကြောင်း ဆန္ဒပြလှုပ်ရှားမှုတွင် ပါ၀င်ကြသူများက ဆိုသည်။

မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ် ၊လမ်း ၃၀ နှင့် ၅၇ လမ်းထောင့်တွင် ယနေ့နံနက်ပိုင်းက လူနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ပွါးခဲ့ပြီးနောက် စစ်ကောင်စီက စစ်ဆေးမှု တင်းကျပ်နေခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်အုပ်စုသတင်းများတွင် ဟိုတယ်၀န်ထမ်းနှစ်ဦး အသတ်ခံရခြင်းဖြစ်ကြောင်း ဖော်ပြကြပြီး ပစ်ခတ်မှု ဆောင်ရွက်ခဲ့သည့်တော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ချက်များတွင် CID ရဲမှူးအား ပစ်ခတ်စဉ် ၎င်းတို့ လင်မယားနှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံးခြင်းဖြစ်ကြောင်း ဆိုသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး