ကြားကာလ ပညာရေးအကောင်အထည်ဖော်ဆောင်ရွက်ရာ အခက်အခဲများစွာ ကြုံတွေ့နေရဟု ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ထုတ်ဖော်

ဩဂုတ်လ ၂၀ ရက်

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် လွတ်မြောက်နယ်မြေများတွင် ကြားကာလ ပညာရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲ များစွာဖြင့် တွေ့ကြုံ နေရကြောင်း Peletwa Township Education Board အဖွဲ့မှ ဩဂုတ်လ ၁၉ရက်နေ့ တွင်ထုတ်ပြန်သည်။

“အဓိက ဘာသာရပ်အနေနဲ့ မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ကိုသင်ကြားပေးနေပါတယ်။ လူမှုရေး သိပ္ပံနဲ့ ဒေသဘာသာစာကို သင်ကြားပေးလည်း သင့်တော်သလိုသင်ပေးနေပြီး ပထဝီ နဲ့ သမိုင်းကတော့ အခြေအနေနဲ့ကိုက်ညီမဲ့ အကြောင်းအရာများကို အနည်းအကျဉ်းသင်ကြားပေးနေပါတယ်။ သင်ရိုးညွှန်းတမ်းကိစ္စကတော့ ပညာရှင်များ ပြည်နယ်အဆင့်ပညာရေးဘုတ်အဖွဲ့များနဲ့ ဆွေးနွေးနေပါတယ်” ဟု Peletwa Township Education Board တာဝန်ရှိသူတစ်ဦးမှ မဇ္စျိမ ကိုပြောသည်။

စစ်အာဏာရှင်လက်အောက်ရှိ စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ပြီး ဖက်ဒရယ်ပညာရေးစနစ်သို့ ဦးတည်သော ကြားကာလ ပြည်သူ့အခြေပြုကျောင်းပညာရေးစနစ်ကို ပလက်ဝမြို့နယ်အတွင်းတွင် ကျေးရွာပေါင်း ၆၀ ကျော်နှင့် လွတ်မြောက်နယ်မြေ စစ်ရှောင်စခန်း ၁၀ ခုတွင် မူလတန်း ၊ အလယ်တန်းအဆင့် ကျောင်းသား/သူ ပေါင်း ၅,၀၀၀ ကျော်ကို ဆရာဆရာမ ၁၆၀ ဖြင့် သင်ကြားပေးလျက်ရှိ ကြောင်းဆိုသည်။

ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ဖွင့်လှစ်ခဲ့ရသော ကျောင်းများဖြစ်သည့်အတွက် အခက်အခဲများစွာဖြင့် ရင်ဆိုင်တွေကြုံနေရကြောင်း လုပ်အားပေး ဆရာ/မ များ၏ ညာဏ်ပူဇော်ခ မထောက်ပံ့နိုင်ခြင်း ၊ ကျောင်းသားကျောင်းသူများအတွက် လိုအပ်သော ပုံနှိပ်စာအုပ် ၊ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ပြည်စုံမှုမရှိခြင်းများ တွေ့ကြုံနေရကြောင်း သိရသည်။

ထို့အပြင် ကျောင်းများအတွက်လိုအပ်သည့် ပရိဘောဂ ၊ ရုံးသုံးအဆောင်ပစ္စည်းမျာနှင့် စာရွက်စာတမ်းများ လိုအပ်နေပြီး အင်တာနက်မရှိသည့် မြို့နယ်များဖြစ်၍ ဆက်သွယ်ရေးခက်ခဲခြင်းများ ကြုံတွေ့နေရကြောင်းဆိုသည်။

ယင်းအခက်အခဲများ ပြေလည်စေနိုင်ရန်အတွက် ပြည်တွင်းပြည်ပရှိ ညီအကိုမောင်နှမ မိတ်ဆွေများအနေဖြင့် ပလက်ဝမြို့နယ်၏ ပညာရေးကဏ္ဍအတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးကြပါရန် ရိုသေလေးစားစွာဖြင့် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာန မှ ကျောင်းသားများ အရေအတွက်ပေါ်မူတည်ပြီး အကူအညီအချို့လက်ခံရရှိသော်လည်း လုံလောက်မှုမရှိကြောင်း အဆိုပါ တာဝန်ရှိသူမှ ဆက်လက်ပြောကြားသည်။

ပလက်ဝမြို့နယ်သည် ခေတ်အဆက်ဆက် ပညာရေးနှင့် အသိပညာများတွင် အခြားဒေသများထက် များစွာနောက်ကျ ကျန်ရစ်ခဲ့ကြောင်း ယနေ့ တော်လှန်ရေးကာလတွင်လည်း နယ်မြေဒေသအခြေအနေနှင့် အင်တာနက်အဆက်ပြတ်တောက်မှုများကြောင့် ခက်ခဲမှုများကို ပိုမိုခံစားသောကြောင့် ကလေးများအနာဂတ်ပညာရေးအတွက် Peletwa Township Education Board ဆိုရှယ်မီဒီယာ လိပ်စာမှ တစ်ဆင့် ဆက်သွယ် အကူအညီပေးနိုင်ကြပါကြောင်း ပြောဆိုခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)