ဆုဖလား ၂၅ လုံး ရယူပြီးနောက် နှုတ်ဆက်ထွက်ခွာသွားတဲ့ ရီးယဲလ်မက်ဒရစ်နောက်ခံလူ မာဆယ်လို

ဆုဖလား ၂၅ လုံး ရယူပြီးနောက် နှုတ်ဆက်ထွက်ခွာသွားတဲ့ ရီးယဲလ်မက်ဒရစ်နောက်ခံလူ မာဆယ်လို
Photo: Real/EPA

ရီးယဲလ်မက်ဒရစ် နောက်ခံလူ မာဆယ်လိုဟာ သူ ၁၅ နှစ်ကြာ ကစားခဲ့တဲ့ ကလပ်ကို နှုတ်ဆက်ရင်း မျက်ရည်မျက်တွေနဲ့ ပြန်လည် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။

ရီးယဲလ်အသင်းသမိုင်းတစ်လျှောက် ဆုဖလား ၂၅ လုံးနဲ့ အခမ်းနားဆုံးကစားသမားဖြစ်တဲ့ အသက် ၃၄ နှစ်အရွယ် ကစားသမားဟာ ဇွန်လကုန်မှာ သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန် ထွက်ခွာမှာဖြစ်ပါတယ်။

အနားယူသေးမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပေမယ့် သူ့ရဲ့ နောက်လာမယ့် ကလပ်အသင်းဟာ ဘယ်နေရာမှာ ရှိမယ် မသိဘူးလို့ သူက ပြောပါတယ်။

“ကျွန်တော် ထွက်ခွာသွားချိန်မှာ ကျွန်တော် အမွေအနှစ်တစ်ခု ချန်ထားခဲ့တာကို သိလိုက်ရလို့ ကျွန်တော် မက်ဒရစ်ကို ရောက်ပြီးကတည်းက ဒီနေ့ဟာ အပျော်ဆုံးနေ့ပါပဲ”လို့ သူက ပြောပါတယ်။

ဘာနေဗျူးမှာရှိစဉ်အတွင်း ချန်ပီယံလိဂ် ငါးကြိမ်နဲ့ လာလီဂါ ခြောက်ကြိမ်ဆွတ်ခူးခဲ့တဲ့ မာဆယ်လိုဟာ သူ့ရဲ့ကစားသမားဘဝကို အသိအမှတ်ပြုတဲ့ အထူးအခမ်းအနားတစ်ခုမှာ ဂုဏ်ပြုခံခဲ့ရပါတယ်။

သူ့ကို ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က ရီးယဲလ်ရဲ့ ရွှေအသင်းဝင်တံဆိပ်ကိုလည်း ပေးအပ်ခဲ့ပါတယ်။

မာဆယ်လိုကို တူရကီကလပ် ဖီနာဘာချီနဲ့ ပြင်သစ်ကလပ် မာဆေးအသင်းတို့က ချိတ်ဆက်နေပါတယ်။

သူ့ကို ရီးယဲလ်နဲ့ နောက်ထပ် တစ်နှစ် လက်တွဲခွင့် ရသင့်လားလို့ မေးတော့ သူက “ဂရုဏာသက်လို့ နောက်ထပ် တစ်နှစ် နှစ်နှစ်လောက် ဆက်နေဖို့ မလိုလားပါဘူး။

“ကျွန်တော်က ရီးယဲလ်မက်ဒရစ်ကို အမြဲအားပေးနေမှာဖြစ်ပြီး ရှေ့တံခါးကို ဖြတ်ပြီး အဆင်ပြေပြေ လမ်းခွဲဖို့ ကျွန်တော်တို့အတူ ဆုံးဖြတ်ခဲ့ပါတယ်။

"ကျွန်တော် ဂန္တဝင်တစ်ယောက်လို မခံစားရပါဘူး။ ဘဝက ဒီမှာအဆုံးသတ်မှာမဟုတ်ပါဘူး။ ကျွန်တော် ဆက်ကစားနေမှာပါ။ ကျွန်တော် ဆက်ကစားနေနိုင်မယ်လို့ ယုံကြည်ပေမယ့် အနာဂတ်အတွက် အများကြီး မစဉ်းစားပါဘူး။

"အခက်ခဲဆုံးအရာက နှုတ်ဆက်ဖို့ပါပဲ။ ဒီအင်္ကျီကို ဝတ်ဆင်ရတာ အလှပဆုံးပါပဲ။"

မာဆယ်လိုဟာ ၂၀၀၇ က ဘရာဇီးကလပ် ဖလမ်းမန်းနီးအသင်းကနေ ပြောင်းရွှေ့လာပြီးနောက် ပြိုင်ပွဲအရပ်ရပ်မှာ ရီးယဲလ်အတွက် ၅၄၅ ပွဲ ကစားပေးခဲ့ပါတယ်။

ပီရက်ဇ်က ”ကျွန်တော်တို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အသင်းခေါင်းဆောင်ကို စိတ်အားထက်သန်စွာနဲ့ ဂုဏ်ပြုချင်ပါတယ်။ ရီးယဲလ်မက်ဒရစ်သမိုင်းမှာ ဆုဖလားအများဆုံးရခဲ့တဲ့ ဂန္တဝင်ကစားသမားတစ်ယောက်အကြောင်း ပြောချင်ပါတယ်။

"ချစ်လှစွာသော မာဆယ်လို ၊ မင်းအိပ်မက်တွေ အားလုံးကို ပြီးမြောက်ခဲ့ပြီ။ မင်းအရာရာကို လုံးဝအနိုင်ရခဲ့ပြီ။

"မင်းဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးဖြစ်ပြီး ထူးခြားတဲ့ ကစားသမားတစ်ယောက်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly