မော်လဒိုက်သည် ပါကစ္စတန်မှ မူးယစ်ဆေးများတင်ပို့သည့် ထိပ်ဆုံးနိုင်ငံများတွင် ပါဝင်

By raajje.mv
26 July 2021
မော်လဒိုက်သည် ပါကစ္စတန်မှ မူးယစ်ဆေးများတင်ပို့သည့် ထိပ်ဆုံးနိုင်ငံများတွင် ပါဝင်

ပါကစ္စတန်မှ မူးယစ်ဆေးဝါးများ တင်ပို့နေသည့် ထိပ်ဆုံးနိုင်ငံများထဲတွင် မော်လ်ဒိုက်နိုင်ငံပါဝင်နေသည်ဟု သတင်းများထွက်ပေါ်လာသည်။

ပင်လယ်ရေကြောင်းမှတဆင့် မူးယစ်ဆေးဝါး အများဆုံးတင်ပို့သည့် ဒေသတွင်း ၃ နိုင်ငံမှာ အာဖဂန်နစ္စတန်၊ အီရန်နှင့် ပါကစ္စတန်တို့ ဖြစ်သည်။ ပါကစ္စတန်နှင့် အာဖဂန်နစ်စတန်နယ်စပ်ကို အာဏာပိုင်များက စောင့်ကြည့်နေ သော်လည်း မူးယစ်ဆေးမှောင်ခိုရောင်းဝယ်မှုကို မရပ်တန့်နိုင်ခဲ့ပေ။

အိန္ဒိယ၏ Zee News မှ သတင်းအရ ပါကစ္စတန်မှ မူးယစ်ဆေးဝါးပို့ဆောင်သည့် လှေအများစုသည် နိုင်ငံအနောက်တောင်ပိုင်း ဂဝါဒါဆိ်ပ်ကမ်းမြို့မှဖြစ်ပြီး ပင်လယ်အတွင်း မူးယစ်ဆေးဝါးများလဲလှယ်ခြင်းကြောင့် ပါကစ္စတန်မှ လာသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရရှိမှု နည်းနေခြင်းဖြစ်သည်။

သီရိလင်္ကာသည်လည်း ဂဝါဒါဆိပ်ကမ်းမြို့မှ မူးယစ်ဆေးကုန်ပစ္စည်းများတင်သွင်းသည့် ထိပ်ဆုံးနိုင်ငံများထဲတွင် ပါဝင်သည်။

၂၀၂၁ ခုနှစ် ဧပြီလတွင် အိန္ဒိယရေတပ်သည် အာရေဗျပင်လယ်တွင် ပါကစ္စတန်ငါးဖမ်းလှေအားဖမ်းမိခဲ့သည့် အမှုတွင် စုစုပေါင်းသင်္ဘောသား ၅ ဦး သည် ရူပီး ဘီလီယံ ၃၀ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ သယ်ဆောင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် သင်္ဘောသား ၉ ဦးသည် မက်သာဖက်သမင်းစိတ်ကြွဆေး ၆၀၅ ကီလိုဂရမ်နှင့် ကီတာမင်း ၅၇၉ ကီလိုဂရမ် မှောင်ခိုတင်သွင်းခြင်းကို သီရိလင်္ကာရေတပ်က ဖမ်းဆီးရမိခဲ့သည်။

ပင်လယ်ရေကြောင်းဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွင်ပါ ဝင်သူများကို မော်လဒိုက်ကမ်းခြေစောင့်တပ်များက ဖမ်းဆီးရမိခဲ့ပြီး လေကြောင်းဖြင့် မူးယစ်ဆေးမှောင်ခိုရောင်းဝယ်မှုသူများကိုလည်း ရံဖန်ရံခါ ဖမ်းဆီးရမိခဲ့သည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်းက မော်လ်ဒိုက်၊ သီရိလင်္ကာနှင့် အိန္ဒိယ အာဏာပိုင်များအကြား ပူးတွဲစစ်ဆင်ရေးတစ်ခုတွင် မော်လဒိုက် ကမ်းခြေစောင့်တပ်များက မော်လဒိုက်ရေပိုင်နက်ကို ဖြတ်သွားသည့် လှေတစ်စင်းပေါ်မှ လိုက်ပါလာသည့် ပါကစ္စတန်များထံမှ ဘိန်းဖြူ ၁၅၀ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့သည်။

၂၀၁၉ ခုနှစ်တွင်ပင် မော်လ်ဒိုက်သို့ တင်ပို့ရန်အတွက် မူးယစ်ဆေးဝါး ၅၁ ကီလိုဂရမ် သယ်ဆောင်လာသည့် အီရန် သင်္ဘောတစ်စင်းကို ဖမ်းဆီးရမိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly