ယိုဟန်ခရိုက်ဖ်ရဲ့ သွင်းဂိုးကို အမှတ်ရစေတဲ့ ဒေါ့မွန်နဲ့ပွဲက ဟာလန်းရဲ့အနိုင်ဂိုး

ယိုဟန်ခရိုက်ဖ်ရဲ့ သွင်းဂိုးကို အမှတ်ရစေတဲ့ ဒေါ့မွန်နဲ့ပွဲက ဟာလန်းရဲ့အနိုင်ဂိုး
Photo: UEFA

မန်ချက်စတာစီးတီးက ဒေါ့မွန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ချန်ပီယံလိဂ်အုပ်စုပွဲမှာ အာလင်း ဟာလန်းရဲ့ လေထဲဝဲပြီး ပိတ်သွင်းဂိုးကို နည်းပြ ဂွာဒီယိုလာက ယိုဟန်ခရိုက်ဖ်ရဲ့ သွင်းဂိုးနဲ့ နှိုင်းယှဉ်မှုပြုလုပ်သွားခဲ့ပါတယ်။

မန်စီးတီးအတွက် အနိုင်ဂိုးကို ပွဲချိန် ၈၄ မိနစ်မှာ ကန်ဆယ်လို ရဲ့ ပေးပို့မှုကို နော်ဝေကစားသမားက လေထဲမှာ ဝဲပြီး acrobatic finishing ပုံစံနဲ့ သွင်းယူခဲ့တာပါ။

ဒေါ့မွန်အသင်းကနေ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၆၀ နဲ့ ပြောင်းရွှေ့လာတဲ့ ဟာလန်းဟာ မန်စီးတီးအတွက် ၉ ပွဲမှာ ၁၃ ဂိုး သွင်းယူထားပါတယ်။

"ကျနော့်ဘဝမှာ ယိုဟန်ခရိုက်ဖ် တစ်ယောက် ဘယ်လောက်အရေးပါခဲ့တယ်ဆိုတာ လူတိုင်းသိပါတယ်။ လူတစ်ယောက်၊ ပညာပေးဆရာ၊ နည်းပြတစ်ယောက်၊ အရာအားလုံးအနေနဲ့ပါပဲ"လို့ ဂွာဒီယိုလာက ပြောပါတယ်။ "သူက နူးကမ့်မှာ ၁၉၇၃ ခုနှစ်တုန်းက အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲမှာ မယုံနိုင်လောက်စရာ ဂိုးကို သွင်းယူနိုင်ခဲ့တာပါ။ အဲဒီဂိုးက ဟာလန်းသွင်းဂိုးနဲ့ အတော်လေးတူပါတယ်။ သူ (ဟာလန်း) သွင်းယူတဲ့ အခိုက်အတန့်မှာ ခရက်ဖ်ကို တွေးခဲ့မိပါတယ်။"

ခန္ဓာကိုယ်ကြီးထွားပေမယ့် ဟာလန်းရဲ့ အံ့သြလောက်အောင် လိုက်လျောညီထွေရှိမှုက ဂွာဒီယိုလာဆီကနေ ဘာစီလိုနာတိုက်စစ်မှူးဟောင်း ဇလာတန် အီဘရာဟီမိုဗစ်နဲ့လည်း နှိုင်းယှဉ်မှုကို ဖြစ်စေခဲ့ပါတယ်။

“ကျနော့် ချစ်သူငယ်ချင်း အီဘရာဟီမိုဗစ်က သူ့ခြေထောက်ကို မိုးပေါ်တင်နိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုတာ ကျနော်မှတ်မိပါတယ်”လို့ ဂွာဒီယိုလာက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

"အာလင်းနဲ့ တော်တော်ဆင်ပါတယ်။ သူက ပျော့ပြောင်းပြီးတော့ ဂိုးပိုက်ထဲ ထည့်သွင်းနိုင်စွမ်းရှိတယ်။ သူက အရမ်းကြီးထွားတယ်၊ ဒါပေမယ့် သဘာဝအတိုင်း ပျော့ပြောင်းပါတယ်။"

မန်စီးတီးအသင်းသည် အုပ်စု G တွင် သုံးမှတ်အသာဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ဒေါ့မွန်အသင်းက ကိုပင်ဟေဂင်နှင့် ဆီဗီလာတို့က ဝ-၀ သရေကျပြီးနောက် ဒုတိယနေရာမှာ ဆက်ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly