“ယူနိုက်တက်ဟာ ကျွန်တော့်ကို သစ္စာဖောက်ခဲ့တယ်။ ကျွန်တော့်အပေါ် လေးစားမှုလည်း မရှိဘူး” ဟု ဖွင့်ဟပေါက်ကွဲခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ အင်တာဗျူး

“ယူနိုက်တက်ဟာ ကျွန်တော့်ကို သစ္စာဖောက်ခဲ့တယ်။ ကျွန်တော့်အပေါ် လေးစားမှုလည်း မရှိဘူး” ဟု ဖွင့်ဟပေါက်ကွဲခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ အင်တာဗျူး

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နာမည်ကျော်ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဗြိတိန်ရုပ်သံတင်ဆက်သူ ပီယာ့စ် မော်ဂန်နဲ့ မိနစ် ၉၀ ကြာ ရုပ်သံအင်တာဗျူးတစ်ခုကို ဖြေဆိုသွားခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယူနိုက်တက်နဲ့ ပတ်သက်လို့ စိတ်ကုန်သွားခဲ့ပါပြီ။

ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း သူ့အပေါ် အတောမသတ်နိုင်တဲ့ ဝေဖန်အပြစ်ဖို့မှုတွေ၊ အပုပ်ချမှုတွေ၊ လှောင်ပြောင်မှုတွေနဲ့ပတ်သက်လို့ ရော်နယ်လ်ဒို တစ်ယောက် စိတ်ကုန်နေပါပြီ။

အဲဒါတွေဟာ မီဒီယာတွေ၊ သူ့ရဲ့ နည်းပြတွေ၊ ကစားဖော်တွေနဲ့ ယုတ်စွအဆုံး အသင်းဖော်ဟောင်းတွေဆီကနေ လာတာပါ။

နိုင်ငံအသင်း ပေါ်တူဂီနဲ့ ယူရိုချန်ပီယံဆု၊ ကလပ်အသင်းနဲ့ဆိုရင် မတူညီတဲ့ နိုင်ငံ‌လေးနိုင်ငံမှာ အမှတ်ပေးဖလား ၇ ခု၊ ချန်ပီယံလိဂ်ဖလား ၅ လုံး၊ ဘလွန်းဒီအော် (Ballon d’Ors) ဆု ၅ ကြိမ်အပါအဝင် ဆုဖလား ၃၂ ခု ရရှိထားခဲ့တဲ့ ရော်နယ်လ်ဒိုအတွက်ကတော့ လက်ရှိမှာ သူ ရသင့်ရထိုက်တယ်လို့ ခံစားရတဲ့ လေးစားမှုမျိုး မရတဲ့အပေါ်မှာ သူ စိတ်ကုန်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၃၇ နှစ် ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ဘောလုံးသမိုင်းတလျှောက် ဂိုးအများဆုံးသွင်းသူ ကစားသမား ဖြစ်ပါတယ်။ ကျွန်တော့်အတွက်ကတော့ သူဟာ ဇနက်ဒင် ဇီဒန်းနဲ့ ကားလို့စ် အက်ဆယ်လော့တီ တို့လိုမျိုး ခိုင်မာတဲ့ ထင်မြင်ယူချက်တွေ ထုတ်ဖော်ဖို့ ပိုပြီး အရည်အချင်းပြည့်မီသူဖြစ်ပြီး အကြီးကျယ်ဆုံး ကစားသမားပါ။

နောက်ပြီး သူဟာ အင်စတာဂရမ်မှာလည်း follower အများဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး followers သန်း ၅၀၀ ကျော်အထိ ရောက်ဖို့လည်း ရှိနေတာပါ။

ဒါပေမယ့် ခုချိန်မှာ သူဟာ ဒေါသထွက်နေပါတယ်။ သူဟာ လေးစားခံရမှုလည်း မရှိဘူးလို့ ခံစားနေရပြီး ခုတော့ သူဟာ ဆက်ပြီး နှုတ်ဆိတ်နေတော့မှာ မဟုတ်ပါဘူး။

ရော်နယ်လ်ဒိုဟာ သူ့ရဲ့ ၅ ခါမြောက်နဲ့ သူ့အတွက် နောက်ဆုံးအကြိမ် ဖြစ်ဖို့ သေချာသလောက်ရှိတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပါဝင်ကစားဖို့ ကာတာကို သွားဖို့ ပြင်ဆင်နေချိန်မှာ သူဟာ သူ့ရဲ့ စိတ်ခံစားချက်တွေကို ဖွင့်ဟချင်နေပါတယ်။

ကျွန်တော်နဲ့ ရော်နယ်လ်ဒိုတို့ဟာ ကျွန်တော့်ရဲ့ ရှိုးဖြစ်တဲ့ Piers Morgan Uncersored အတွက် မိနစ် ၉၀ ကြာ အင်တာဗျူးတစ်ခု လုပ်ခဲ့ကြပါတယ်။ ဒီထဲမှာ သူ့ရဲ့ အပွင့်လင်းဆုံး ဖွင့်ဟပေါက်ကွဲ ထုတ်ဖော်မှုတွေကို တွေ့ရမှာဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်အရရော၊ ပုဂ္ဂိုလ်ရေးအရပါ “သူ့ဘဝရဲ့ အခက်ခဲဆုံး ကာလ”လို့ ဆိုတဲ့ လက်ရှိအခြေအနေ အကြောင်းအရာတွေနဲ့ပတ်သက်လို့ ရော်နယ်လ်ဒိုက ဖွင့်ဟခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဘက်က သူ့အပေါ် ဆက်ဆံတဲ့ ပုံစံက သူ့ကို သစ္စာဖောက်သလို ခံစားရကြောင်း ရော်နယ်လ်ဒိုက ပြောပါတယ်။ နောက်ပြီး ကလပ်အသင်းမှာ လွဲမှားနေခဲ့တဲ့ အရာမှန်သမျှအတွက် အပြစ်ပုံချခံရတဲ့ “ဗွေဖောက်သူ”တစ်ဦးဖြစ်အောင် လုပ်ခံရတဲ့အပေါ်  ရော်နယ်လ်ဒိုတစ်ယောက် စိတ်တိုနေပါတယ်။ ခုချိန်မှာ သူ့ကို အသင်းကနေ ထွက်သွားစေအောင် ဖိအားပေးတာတွေ ရှိနေတယ်လို့ ရိုနယ်လ်ဒိုတစ်ယောက် ယုံကြည်နေပါပြီ။

မန်ချက်စတာ ယူနိုက်တက်အသင်းကို တစ်ကျော့ပြန် ပြန်လာခဲ့တဲ့ ရော်နယ်လ်ဒိုဟာ တစ်နှစ်ကျော်အတွင်းမှာပဲ နည်းပြ သုံးယောက်နဲ့ ကြုံခဲ့ရတာပါ။

ပထမဆုံးနည်းပြကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း အိုလေ ဂန်းနား ဆိုးရှား ဖြစ်ပြီး သူဟာ ရော်နယ်လ်ဒို အသင်းကို ပြန်ရောက်လာပြီး သီတင်းပတ်တချို့အကြာမှာပဲ ရာထူးကနေ အထုတ်ခံခဲ့ရသူပါ။ ရော်နယ်လ်ဒိုအနေနဲ့ ဆိုးရှားနဲ့ ပတ်သက်လို့ ဘာမှ ထူးထူးထွေထွေ မရှိခဲ့ဘဲ သူ့အပေါ်မှာ လေးစားမှုတော့ ရှိခဲ့ပါတယ်။

နောက်နည်းပြနှစ်ယောက်ကတော့ ရပ်ဖ် ရင်းနစ် နဲ့ လက်ရှိ မန်နေဂျာဖြစ်တဲ့ အီရစ် တန်ဟက်ဂ်တို့ ဖြစ်ပါတယ်။

ဘောလုံးအသင်းတစ်သင်းကို ၁၀ နှစ်ကျော်ကြာ နည်းပြမလုပ်ခဲ့ဖူးတဲ့ ရင်းနစ်နဲ့ပတ်သက်လို့ ရော်နယ်လ်ဒိုက “ခင်ဗျားအနေနဲ့ နည်းပြတစ်ယောက်တောင် မဖြစ်ခဲ့ဘဲနဲ့ ဘယ်လိုများ မန်ချက်စတာယူနိုက်တက်ရဲ့ ဘော့စ် ဖြစ်ရတာတုန်း။ ကျွန်တော်ဖြင့် သူ့နာမည်ကို အရင်က တစ်ခါမှ မကြားခဲ့ဖူးဘူး” လို့ ပြောပါတယ်။

လက်ရှိ နည်းပြ တန်ဟက်ဂ်နဲ့ပတ်သက်လို့ ရော်နယ်လ်ဒိုက “ကျွန်တော် သူ့အပေါ် မလေးစားနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော့်ကို လေးစားမှု မပြခဲ့တာကြောင့်ပါ” လို့ ပြောပါတယ်။ “တကယ်လို့ ခင်ဗျားဘက်က ကျွန်တော့်အပေါ် လေးစားမှု မရှိဘူးဆိုရင် ကျွန်တော်ကလည်း ခင်ဗျားကို ဘယ်တော့မှ လေးစားမှာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား” လို့ သူက ပြောပါတယ်။

တန်ဟက်ဂ်ဟာ တော့တင်ဟမ်နဲ့ ပွဲမှာ နောက်ဆုံးမိနစ်ပိုင်း လူစားဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့တဲ့ ရော်နယ်လ်ဒိုကို ပြီးခဲ့တဲ့လက အသင်းလူစာရင်းကနေ ထုတ်ပယ်ခဲ့သူဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ သူ့အပေါ် ဟောင်ဖွာဟောင်ဖွာ အဖြစ်ဆုံး ဝေဖန်သူတွေအနက် တစ်ဦးဖြစ်တဲ့ သူ့ရဲ့ တစ်ချိန်က အသင်းဖော်ဟောင်း ဝိန်းရူနီ နဲ့ပတ်သက်လို့လည်း ခုလို ပြောသွားပါတယ်။ ရူနီဟာ လတွေနဲ့ကြာ ရော်နယ်လ်ဒိုအပေါ် လူသိရှင်ကြား ဝေဖန်တိုက်ခိုက်ခဲ့သူဖြစ်သလို သူ့ကို အသင်းကနေ ဖယ်ထုတ်ဖို့ ယူနိုက်တက်ကိုလည်း တိုက်တွန်းခဲ့သူပါ။

“သူ (ဝိန်းရူနီ) ဘာကြောင့် ကျွန်တော့်အပေါ် ဒီလောက် ဆိုးဆိုးဝါးဝါး ဝေဖန်သလဲဆိုတာကို ကျွန်တော်လည်း မသိပါဘူး။ ဖြစ်နိုင်တာတစ်ခုက သူက သူ့ကစားသမားဘဝကို အဆုံးသတ်ခဲ့ချိန် ကျွန်တော်ကတော့ ခုချိန်အထိ အဆင့်မြင့်လယ်ဗယ်တစ်ခုမှာ ကစားနေဆဲ ဖြစ်လို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ရော်နယ်လ်ဒိုက ပြောပါတယ်။

အဲဒီနောက် ရယ်ရင်းနဲ့ ရော်နယ်လ်ဒိုက ဆက်ပြောပါတယ်။ “ကျွန်တော်က သူ့ထက် ပိုကောင်းတယ်လို့ ကျွန်တော် ပြောတာ မဟုတ်ပါဘူး။ ဒါ အမှန်ပါပဲ”

ပြီးခဲ့တဲ့ ဧပြီလတုန်းက ရော်နယ်လ်ဒိုနဲ့ အတူနေချစ်သူ ဂျော်ဂျီနာတို့ဟာ သူတို့ရဲ့ မွေးကင်းစသားယောကျ်ားလေးကို ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာ ဆုံးပါးသွားတဲ့ မွေးကင်းစသားယောကျ်ားလေးရဲ့ အမွှာဖြစ်တဲ့ သမီးမိန်းကလေးကတော့ အသက်ရှင်ခဲ့တာပါ။ တကယ့်ကို စိတ်နှလုံးထိခိုက်စရာပါပဲ။

ဘာပဲဖြစ်ဖြစ် ရော်နယ်လ်ဒို တစ်ယောက် ဘောလုံးဆက်ကစားဖို့ ခွန်အားတွေ ရှာတွေ့ခဲ့ပါတယ်။ အဲဒီထဲမှာဆိုရင် လီဗာပူးလ်အသင်းလိုမျိုး ပြိုင်ဘက် ကလပ်အသင်းရဲ့ ပရိသတ်တွေဆီကနေ သူ့အပေါ် အံ့အားသင့်ဖွယ် စာနာနှစ်သိမ့်မှု ပြသခဲ့တာလည်း ပါပါတယ်။ အိမ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို လက်ခံကစားခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ ပရိသတ်တွေဟာ (ရော်နယ်လ်ဒို ဝတ်တဲ့ အင်္ကျီ ကျောနံပါတ် ၇) ကို ရည်ညွှန်းပြီး ပွဲကစားချိန် ၇ မိနစ်မှာ “You’ll Never Walk Alone” သီချင်းကို သီဆိုရင်း လက်ခုပ်တီးကာ ရော်နယ်လ်ဒိုကို စာနာအားပေးကြောင်း ပြသခဲ့ကြတာဖြစ်ပါတယ်။

“ဒါမျိုး မြင်ရမယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မထင်ခဲ့မိပါဘူး” လို့ ရိုနယ်လ်ဒိုက ဝန်ခံပါတယ်။

သူနဲ့ ဂျော်ဂျီနာတို့ဟာ တော်ဝင် မိသားစုဆီကနေ စာနာဝမ်းနည်းကြောင်း ဖော်ပြတဲ့ ပေးစာတစ်စောင်ကိုလည်း လက်ခံရရှိခဲ့ပြီး ဒါကလည်း သူ့အတွက် အလားတူအတိုင်း အံ့ဩခံစားရစေပါတယ်။

ဆိုးရွားတာကတော့ သူ့ရဲ့ ကလပ်အသင်းဘက်က သူ့အပေါ် အားပေးစကားဆိုမှု သိပ်များများစားစား မရှိခဲ့တာဖြစ်ပါတယ်။ သူ့ ကလပ်အသင်းဟာ သူ့အပေါ်မှာ စာနာမှု ကင်းမဲ့တယ်လို့ ရော်နယ်လ်ဒိုက စွပ်စွဲပါတယ်။ အထူးသဖြင့် ဇူလိုင်လတုန်းက သူ့ရဲ့ သုံးလသား သမီးကလေး ဆေးရုံတက်ရချိန်တုန်းက သူဟာ ရာသီကြို လေ့ကျင့်ရေးအတွက် အသင်းထံ အချိန်မီ ပြန်မရောက်နိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့ သမီးလေးနဲ့အတူ ဆက်နေခဲ့ချင်တာကြောင့်ပါ။

သူဘာကြောင့် ကလပ်အသင်းထံ ပြန်မလာနိုင်ခဲ့သလဲဆိုတာကို သူ ရှင်းပြခဲ့ချိန်တုန်းက အိုးထရက်ဖို့ဒ် ရဲ့ အကြီးတန်း အမှုဆောင်တွေကတော့ သူ့အပေါ် မယုံသလို သဘောထား ပြခဲ့တယ်လို့ ရော်နယ်လ်ဒိုက ပြောပါတယ်။ အဲဒီအတွက်လည်း သူ့စိတ်ထဲမှာ နာကျင်ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၄ လအကျော်လောက်ကမှ ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြန်ကစားဖို့ အသင်းနဲ့ တစ်ဖန် လက်မှတ်ထိုးခဲ့တာပါ။ ဒါဟာ ကမ္ဘာ့ဘောလုံးလောကအတွက် အံ့အားသင့်စေခဲ့တဲ့၊ ကြည်နူးနှစ်သက်စေခဲ့တဲ့ အသင်းထံ တစ်ကျော့ပြန် ပြန်လာမှု ဇာတ်ကြောင်းတစ်ပုဒ်လည်း ဖြစ်ခဲ့ပါတယ်။

တကယ်တော့ ရော်နယ်လ်ဒိုဟာ ယူနိုက်တက်ရဲ့ မဟာပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာစီးတီးဆီ ရောက်ဖို့ နီးစပ်ခဲ့ချိန်မှာပဲ သူ့ရဲ့ ဖခင်သဖွယ်ဖြစ်တဲ့ ဆရာဖြစ်သူ ဆာ အဲလက်ဇ် ဖာဂူဆန်က စီးတီးအသင်းကို မသွားဖို့ သူ့ကို တားမြစ်ခဲ့တာကို ရော်နယ်လ်ဒိုတစ်ယောက် နားထောင်ခဲ့ပါတယ်။

“ကျွန်တော့် စိတ်နှလုံးရဲ့ စေခိုင်းချက်အတိုင်း လိုက်နာခဲ့ပါတယ်” လို့ ရော်နယ်လ်ဒိုက သူ့ရဲ့ ရင်ဘက်ပေါ် လက်တင်ရင်း ပြောပါတယ်။ “သူ (ဆာ အဲလက်ဇ်) က ကျွန်တော့်ကို ပြောပါတယ်။ မင်း မန်ချက်စတာစီးတီးကိုတော့ သွားလို့ မဖြစ်ဘူးလို့ သူ ပြောပါတယ်၊ ကျွန်တော်ကလည်း ‘အိုကေ’ ဘော့စ် ဆိုပြီး ပြောခဲ့ပါတယ်”

ရော်နယ်လ်ဒို အသင်းဆီ ပြန်ရောက်လာပြီး အိုးထရက်ဖို့ဒ်မှာ ပထမဆုံး ပြန်ကစားတဲ့ ပွဲစဉ်မှာ သူဟာ နယူးကာဆယ်အသင်းကို ၄-၁ ဂိုးနဲ့ နိုင်တဲ့ ပွဲစဉ်မှာ နှစ်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ပွဲကြည့်စင်ပေါ်ကနေ ဆရာသမားဖြစ်တဲ့ ဆာ အဲလက်ဇ် အပြင် ဝမ်းသာပီတီ မျက်ရည်တွေနဲ့ ရှိနေခဲ့တဲ့ မိခင်ဖြစ်သူတို့က အားပေးခဲ့ကြပါတယ်။

အရူးအမူး ပျော်ရွှင်နေတဲ့ ယူနိုက်တက် အသင်းပရိသတ်တွေဟာလည်း ပွဲအပြီး နာရီနဲ့ကြာအောင် “Viva Ronaldo” ဆိုပြီး အော်ဟစ်ခဲ့ကြပါတယ်။

အဲဒီညမှာပဲ အသင်းဖော် မားကက်စ် ရက်ရှ်ဖို့ဒ်ကလည်း “သူ (ရော်နယ်လ်ဒို) အသင်းကနေ ဘယ်တုန်းကမှ ထွက်မသွားခဲ့သလိုမျိုးပါပဲ” လို့ တွစ်တာမှာ ရေးခဲ့ပါတယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ အခြေအနေက စိတ်ပျက်စရာကောင်းလောက်အောင် မျှော်လင့်မထားတဲ့ ပရမ်းပတာအခြေအနေ ဖြစ်လာပါတယ်။ လက်ရှိ မန်ချက်စတာယူနိုက်တက်ဟာ သူ ၂၀၀၉ ခုနှစ်က ပထမတကြိမ် ထွက်ခွာသွားတုန်းက အသင်းနဲ့ အတော့်ကို မတူကွာခြားနေခဲ့ပါပြီ။

အဲဒါထက် အသင်းရဲ့ အခြေအနေက သူ့ အရင်တစ်ခါ ထွက်သွားပြီးနောက်ပိုင်း ဘာမှ တိုးတက်မှု မရှိဘဲ အတူတူ ဖြစ်နေတဲ့အပေါ် သူ ဘဝင်မကျဖြစ်ခဲ့ပါတယ်။ ခုလက်ရှိ အသင်းကို စီမံထိန်းကျောင်းနေသူတွေက အရင်က စီမံခန့်ခွဲခဲ့သူတွေလောက် အရည်အသွေးမရှိ၊ ညံ့ဖျင်းတယ်လို့ သူ ထင်မြင်ပါတယ်။

ရေကူးကန်၊ gym ကစလို့ မီးဖိုချောင် (အာဟာရ၊ အစားအစာ အတိုင်းအချင့်နှင့် စားသောက်မှု) အထိ လေ့ကျင့်ရေး အထောက်အပံ့တွေနဲ့ နည်းပညာပိုင်းတွေမှာ တိုးတက်မှု မရှိတဲ့အပေါ် သူ တုန်လှုပ်ခဲ့ရပါတယ်။

“တိုးတက်မှုကတော့ ဇီးရိုးပဲ” လို့ သူက ပြောပါတယ်။ “ဆာ အဲလက်ဇ် ထွက်သွားပြီးကတည်းက ဒီ ကလပ်မှာ ဘာပြောင်းလဲတိုးတက်မှုကိုမှ ကျွန်‌တော် မတွေ့ခဲ့ရပါဘူး။ ဘာမှ မပြောင်းလဲပါဘူး”

နောက်ထပ် သူ သဘောမကျတဲ့အချက်ကတော့ လက်ရှိ လူငယ်ကစားသမား အများအပြားရဲ့ တစ်ဖက်သားအပေါ် အထင်အမြင်သေးလိုဟန်ရှိတဲ့ အပြုအမူတွေပဲဖြစ်ပါတယ်။ လက်ရှိ လူငယ်ကစားသမားအများအပြားဟာ ရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝမှာ ကောက်သင်းကောက် လေ့လာလိုက်စားခဲ့ရတဲ့ သင်ခန်းစာတွေကို သင်ယူဖို့ စိတ်ဝင်စားမှု ရှိပုံလည်း မပေါ်ပါဘူး။

နောက်ပြီး သူ့အတွက် စိတ်ပျက်စရာတစ်ခုက ယူနိုက်တက်အသင်းဟာ နှစ်တွေနဲ့ကြာ အောင်မြင်မှု မရ၊ တိုးတက်မှု မရှိဖြစ်နေခဲ့တဲ့နောက် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူနိုင်တော့ခြင်း မရှိတော့ဘဲ ထိပ်တန်းဆုဖလားတွေ သိမ်းပိုက်နိုင်မယ့် အလားအလာကို ပိုမို ခက်ခဲစေခဲ့တာပဲဖြစ်တယ်။

“အသင်းပရိသတ်တွေက အမှန်အတိုင်း သိသင့်တယ်လို့ ကျွန်တော် ထင်တယ်” လို့ သူက ပြောပါတယ်။ “ဒီကလပ်အသင်းအတွက် အကောင်းဆုံးဆိုတာတွေကို ကျွန်တော်ဖြစ်စေချင်တယ်။ ဒါကြောင့်လည်း ကျွန်တော် ယူနိုက်တက်ကို ပြန်လာတာဖြစ်တယ်”

“ဒါပေမယ့် စီးတီး၊ လီဗာပူးနဲ့ အခု အာဆင်နယ်လိုမျိုး ထိပ်တန်းလယ်ဗယ်ကို ရောက်ဖို့ ကျွန်တော်တို့ကို အကူအညီ မဖြစ်စေတဲ့ အရာတချို့ ဒီအသင်းမှာ ရှိနေတယ်။ ကျွန်တော့်အမြင်မှာတော့ ဒီအသင်းဟာ ထိပ်ပိုင်းမှာပဲ ရှိသင့်တဲ့ ကလပ်အသင်းတစ်ခုပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူတို့ အဲဒီလို ဖြစ်မနေပါဘူး”

ရော်နယ်လ်ဒိုရဲ့ အားမလိုအားမရ ဖြစ်မှုတွေထဲမှာ အဓိက အချက် ရှိနေပါတယ်။ တကယ်တော့ ရော်နယ်လ်ဒို ဆိုတာ အသင်းရှုံးနိမ့်တာကို မုန်းပြီး အနိုင်ရကို ရမှဖြစ်မယ်ဆိုတဲ့ ခံယူချက်နဲ့ပဲ ကြိုးစားကစားချင်သူပါ။ အဲဒီလိုပုံစံမျိုးက လက်ရှိ ယူနိုက်တက်မှာ ရှိမနေဘူးလို့ သူ ယုံကြည်နေပါတယ်။ ယူနိုက်တက်ဟာ သူ အသင်းကနေ ထွက်သွားတာ အပါအဝင် ထိထိရောက်ရောက် ပြင်ဆင်ရမယ့် ကိစ္စတွေ လုပ်ဖို့ လိုနိုင်တယ်လို့ သူ ယုံကြည်ပါတယ်။

“ပီကာဆို ပြောခဲ့သလိုပေါ့၊ ခင်ဗျားအနေနဲ့ ဒါကို ပြန်တည်ဆောက်ဖို့ ဒါကို ဖြိုဖျက်ပစ်ရလိမ့်မယ် ဆိုတာလေ” လို့ ရော်နယ်လ်ဒိုက ပြောပါတယ်။ သူတို့က ကျွန်တော်နဲ့ စခဲ့တယ်ဆိုရင် ကျွန်တော့်အတွက်ကတော့ ဒါက ပြဿနာတစ်ခု မဟုတ်ပါဘူး။

“ကျွန်တော် မန်ချက်စတာ ယူနိုက်တက်ကို ချစ်တယ်။ အသင်း ပရိသတ်တွေကို ချစ်တယ်။ သူတို့ဟာ ကျွန်တော့်ဘက်မှာ အမြဲရှိပေးကြတယ်။ ဒါပေမယ့် တကယ်လို့ သူတို့ မတူခြားနားမှုကို လုပ်ချင်တယ်ဆိုရင် သူတို့ အများကြီး (အများကြီး) အပြောင်းအလဲလုပ်သွားရပါလိမ့်မယ်။

လက်ရှိ အခြေအနေနဲ့ပတ်သက်လို့ ဆာ အဲလက်ဇ်က ဘယ်လို မြင်သလဲ ဆိုတာနဲ့ပတ်သက်လို့လည်း ရော်နယ်လ်ဒိုက အခုလို ပြောပါတယ်။ “ကလပ်အသင်းဟာ ကိုယ်နဲ့ ထိုက်တန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိမနေဘူးဆိုတာကို တခြားလူတွေထက် သူက ပိုပြီး ကောင်းကောင်းသိပါတယ်” လို့ ပြောပါတယ်။

“သူ သိပါတယ်။ လူတိုင်းလည်း သိပါတယ်။ ဒါကို မမြင်တဲ့လူတွေလည်း ရှိနေတယ်၊ ဖြစ်နိုင်တာက အဲဒီလူတွေဟာ မမြင်ချင်ကြလို့၊ ကန်းနေလို့ ဖြစ်ပါလိမ့်မယ်”

ကျွန်တော် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အီတလီနိုင်ငံ တူရင်မြို့မှာ ပထမဆုံး တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူဟာ ဂျူဗင်တပ်စ်အသင်းအတွက် ကစားပေးနေဆဲပါ။ ကျွန်တော်တို့ အဲဒီတုန်းက လေးနာရီလောက် အတူညစာစားဖြစ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ကျွန်တော်တို့ မဆုံဖြစ်ခဲ့ကြပေမယ့် မိတ်ဆွေကောင်းတွေအဖြစ် ရှိနေခဲ့ကြပါတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် စာတိုတွေ ရေးပို့ကြတယ်။ စကားတွေ အများကြီး ပြောခဲ့ကြတယ်။ သူဟာ ကျွန်တော့်အပေါ်မှာ အမြဲတမ်း မယုံနိုင်အောင် ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံခဲ့ပါတယ်။

သူဟာ အရမ်းကို စမတ်ကျသလို ခင်စရာကောင်းတဲ့ သူတစ်ယောက်ပါ။ ဒီ အင်တာဗျူး လုပ်ဖို့ သူအတော်လေး သေချာ စဉ်းစားပြီးမှ လုပ်ခဲ့တာပါ။

ကျွန်တော့်စိတ်ထဲမှာ လတွေနဲ့ကြာ အားမလိုအားမရ ဖြစ်မှု၊ ဒေါသထွက်မှုတို့ကို ခံစားခဲ့ရတယ်။

ရော်နယ်လ်ဒိုဟာ သူ့ရဲ့ဘောလုံးကစားသမားဘဝကို တကယ့်ကို လေးလေးနက်နက်နဲ့ ဖြတ်သန်းသူပါ။ သူ့အလေးအနက်ထားတာထက်လည်း ပိုပြီး အောင်မြင်မှုတွေ ရထားခဲ့သူပါ။

လေးနက်ခိုင်မာလွန်းပြီး ကြံ့ကြံ့ခံနိုင်တဲ့ စိတ်နေစိတ်ထား၊ မဆုတ်မနစ် အလုပ်ကြိုးစားလိုစိတ်၊ အံ့ဩတုန်လှုပ်စရာကောင်းလောက်အောင် ပြင်းပြလွန်းတဲ့ ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ဟာ နံပါတ်တစ်ဆိုတဲ့ မယိမ်းမယိုင်တဲ့ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှု ရှိမှုတို့ကို မပိုင်ဆိုင်ထားဘဲနဲ့ ခင်ဗျားအနေနဲ့ ရော်နယ်လ်ဒို ရခဲ့တဲ့ ဆုဖလားတွေ၊ မှတ်တမ်းစံချိန်တွေအားလုံးကို ရမှာကို မဟုတ်ပါဘူး။

ရော်နယ်လ်ဒိုလို လူမျိုးအတွက်ကတော့ ထိပ်တန်းဆုဖလားတွေအတွက် ယှဉ်ပြိုင်နိုင်ခြင်းမရှိတဲ့ ကလပ်အသင်းတစ်ခုမှာ သူ့ကိုယ်သူ ရုတ်တရက် ပြန်တွေ့ရတာ၊ လူစာရင်းကနေ ချန်လှပ်ခံရတာ၊ အရန်ခုံထိုင်ခိုင်းခံရတာ၊ အဖက်မတန်သလို ဥပေက္ခာပြုခံရတာ၊ ကြိမ်းမောင်းခံရတာ၊ သူ့ရဲ့ ကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့လက အသင်းလူစာရင်းကနေ ဖယ်ရှားခံရတာတို့ကို ကြုံရတာက အတော့်ကို အထိနာစေပါတယ်။

ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ပြီးခဲ့တဲ့ ရာသီတုန်းက သူဟာ သွင်းဂိုး ၂၄ ဂိုးနဲ့ အသင်းရဲ့ ဂိုးသွင်းအများဆုံး ဖြစ်ခဲ့သေးတယ် မဟုတ်လား။

သူဟာ သူ့အပေါ် အထူးအရေးပေးဂရုစိုက် ဆက်ဆံတာမျိုးကို မျှော်လင့်နေတာမဟုတ်ပါဘူး။ ဒါပေမယ့် သူ ရသင့်တယ်လို့ ခံစားမိတဲ့ လေးစားမှုမျိုးနဲ့ ဆက်ဆံခံရဖို့ သူမျှော်လင့်တာပါ။

ကျွန်တော်တို့ အင်တာဗျူး ပြီးသွားတော့ ဂျော်ဂျီနာနဲ့ ကလေးတွေ ရောက်လာခဲ့ကြပါတယ်။ ကလေးတွေက သူတို့ရဲ့ အဖေဆီ ချက်ချင်း အကုန်တန်းပြေးလာကြပြီး သူ့ကို ဖက်ကြတော့တာပါပဲ။

ရော်နယ်လ်ဒို့ကို သူ့ကလေးတွေနဲ့အတူ မြင်ရတာ ကြည်နူးစရာပါ။ သူ့အပေါ် သူ့မိခင်ဖြစ်သူ အမြဲပေးခဲ့တဲ့ တူညီတဲ့ ချစ်ခြင်းမေတ္တာတွေကို ခုချိန်မှာ သူ့ကလေးတွေကို သူ ပေးနေပါတယ်။

“ကျွန်တော့် မိသားစုက ကျွန်တော့်အတွက် အရာအားလုံးပါပဲ။ ဒီနှစ်ပိုင်းမှာ ကျွန်တော်တို့ ဖြတ်သန်းရတဲ့နောက်ပိုင်းမှာလည်း ဒီအတိုင်းပါပဲ” လို့ သူက ပြောပါတယ်။

အစောပိုင်းက ကင်မရာရှေ့မှာ ရော်နယ်လ်ဒိုဟာ သူ့ရဲ့ ဆုံးပါးသွားတဲ့ သားလေးအကြောင်း စိတ်ထိခိုက်ဖွယ် ပြောဆိုခဲ့တော့ ကျွန်တော့် ရင်ထဲမှာ ဆို့နင့်ခဲ့ရပါသေးတယ်”

သူ လုပ်သမျှ၊ ပြောသမျှတိုင်းကို ကမ္ဘာတစ်ဝန်း အလွန်အမင်း စေ့စေ့စပ်စပ် အာရုံစိုက်ခံရတဲ့ ဘဝမျိုးနဲ့ နေထိုင်ရတဲ့ ရော်နယ်လ်ဒိုရဲ့ နေရာမျိုးမှာ ကျွန်တော်သာ ဆိုရင် ဘယ်လိုဖြစ်မလဲ စဉ်းတောင်မစဉ်းစားကြည့်ရဲပါဘူး။

ကိုယ့်ရင်သွေး တစ်ယောက်ကို ဆုံးရှုံးရတဲ့ ဝမ်းနည်းစရာ ကိစ္စတစ်ခုကို ကြုံရပြီးနောက်ပိုင်း ဒီလိုမျိုး ဖြတ်သန်းရဖို့က အလွန့်ကို ခက်ခဲပါလိမ့်မယ်။

ဒါပေမယ့် သူဟာ သူ့အတွက် တခြားသူတွေ စိတ်မကောင်း ဝမ်းနည်းဖြစ်မှာကို မလိုလားပါဘူး။

ချစ်စရာကောင်းတဲ့ မိသားစုတစ်စု၊ များပြားတဲ့ ကြွယ်ဝမှုတွေအပြင် သူ့ကို သမိုင်းမှာ အကျော်ကြားဆုံး အားကစားသမားနဲ့ အကျော်အမော်တစ်ဦး ဖြစ်စေခဲ့တဲ့ ဘုရားသခင်ပေးတဲ့ အရည်အချင်းတို့ကို ပိုင်ဆိုင်ထားတဲ့ အရမ်းကို ကံကောင်းတဲ့ လူသားတစ်ယောက်ဖြစ်တယ်ဆိုတာကို ရော်နယ်လ်ဒိုတစ်ယောက် သိပါတယ်။

တကယ်တော့ ရော်နယ်လ်ဒိုဟာ ဒီနှစ်ပိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ သူ့ရဲ့ အခြေအနေအပေါ် လူတွေကို နားလည်သဘောပေါက်စေချင်တာပါ။ သူ ကြုံတွေ့ရတဲ့ အခြေအနေအပေါ် မဟုတ်မမှန် ကောလာဟလ တွေကနေတစ်ဆင့် မဟုတ်ဘဲ သူ့ကိုယ်တိုင် တိုက်ရိုက် ထုတ်ဖော်တာကိုပဲ လူတွေကို ကြားစေချင်တာပါ။

ဒီအင်တာဗျူးကိုတော့ ပါးစပ်အဟောင်းသားဖြစ်စေတဲ့ အင်တာဗျူးတစ်ခုလို့ ကြည့်ရှုသူတွေက မြင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ သူ့ဆီကနေ ခုလိုမျိုး မြင်ရ ၊ကြားရတာက တော့်တော့်ကို ဖြစ်ခေါင့်ဖြစ်ခဲ မို့လို့ပါ။

“ဒီဇာတ်လမ်းဟာ ဘယ်လိုဘယ်ပုံ အဆုံးသတ်မလဲ ကျွန်တော် သေချာမသိပါဘူး။ အဲဒါထက် ဒါပြီးရင် ရော်နယ်လ်ဒိုတစ်ယောက် မန်ချက်စတာ ယူနိုက်တက်ကို ဘယ်လိုဘယ်ပုံ ပြန်လာနိုင်သလဲ ဆိုတာကို မြင်ရဖို့ ခက်ပါလိမ့်မယ်”

ဒါပေမယ့် ခုလောလောဆယ်မှာတော့ သူဟာ ကမ္ဘာ့ဖလားအတွက်၊ သူ့ရဲ့ နိုင်ငံအသင်းဖြစ်တဲ့ ပေါ်တူဂီ အတွက် အောင်မြင်မှု ရဖို့ပဲ သူ အာရုံစိုက်ချင်နေပါလိမ့်မယ်။ အဲဒီပြီးရင်တော့ သူ တစ်နည်းနည်းနဲ့ သူ ယူနိုက်တက်ကို ပြန်လာပြီး အရာကိစ္စတွေကို ဖြေရှင်းပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် သူ ကျွန်တော့်ကို ရှင်းရှင်းလင်းလင်း ပြောသွားတာကတော့ သူ့နှလုံးသားဟာ အမြဲတမ်း ဒီကလပ် (ယူနိုက်တက်) ၊ အထူးသဖြင့် အသင်းပရိသတ်တွေအတွက်နဲ့အတူ ရှိနေမယ် ဆိုတာပါပဲ။

“သူတို့ဟာ ဘောလုံးမှာ အရေးအကြီးဆုံး ဖြစ်တယ်။ သူတို့အတွက် ကစားပါ” လို့ သူက ပြောပါတယ်။

“သူတို့ဟာ အမြဲတမ်း ကျွန်တော့်ဘက်က ရှိနေပေးကြတယ်။ ကျွန်တော် အပြင်ထွက်တဲ့အချိန်တိုင်းမှာ ၊ ကျွန်တော် လမ်းတွေမှာ လမ်းလျှောက်သွားတဲ့အခါ ပရိသတ်တွေက ကျွန်တော်နားလာပြီး ကျွန်တော့်ကို ချီးကျူးကြပါတယ်”

“ကျွန်တော့်အတွက်ကတော့ ပရိသတ်တွေဟာ အရာအားလုံးပါပဲ။ ဒါကြောင့်လည်း ဒီအင်တာဗျူးကို ကျွန်တော်လုပ်တာပါ။ ဘာလို့လဲဆိုတော့ ဒီအချိန်ဟာ ကျွန်တော့် စိတ်ထဲ ရှိတာတွေ ဖွင့်ဟရမယ့် အချိန်ဖြစ်တယ်လို့ ထင်လို့ပါ”

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly