အလက်ဆစ်ဆန်းချက်ဇ်၏ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ

အလက်ဆစ်ဆန်းချက်ဇ်၏ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ

အဆိုးရွားဆုံးအရပ်မှ အတောက်ပဆုံးကြယ်ပွင့်

အလက်ဆစ်ဆန်းချက်ဇ် မွေးဖွား၊ ကြီးပြင်းခဲ့ရတဲ့ နေရာက ချီလီနိုင်ငံရဲ့ မြို့တော် ဆန်တီယာဂိုရဲ့မြောက်ဘက်မှာရှိတဲ့ မြို့ငယ်လေး တိုကိုပီလာ ဖြစ်ပါတယ်။ အဲ့ဒီအရပ်ကို ချီလီနိုင်ငံသားတွေကတော့ မကောင်းဆိုးဝါးတွေနေတဲ့ အရပ်လို့ ခေါ်ဝေါ်သမုတ်ကြပါတယ်။ တိုကိုပီလာမြို့မှာ ကြီးမားလှတဲ့ စွမ်းအင်ထုတ်လုပ်မှုတွေနဲ့ ယမ်းစိမ်းစက်ရုံကြီးတွေကြောင့် ကျန်းမာရေးကို အလွန်ဆိုးရွားစေပြီး လူတစ်ယောက် အသက်ရှင်နေထိုင်ဖို့ အမှန်တကယ်ကို မသင့်လျော်တဲ့နေရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆန်းချက်ဇ်ကတော့ သူ့ရဲ့မြို့ကလေးအကြောင်းနဲ့ ပျော်ရွှင်စရာ ငယ်ဘဝအကြောင်းတွေကို အမြဲပဲ ပြောဆိုလေ့ရှိပါတယ်။

ရှဉ့်လေး(သို့)အံ့အားသင့်ဖွယ် လူငယ်လေး

ဆန်းချက်ဇ်မှာ နာမည်ပြောင် နှစ်ခု ရှိခဲ့ပါတယ်။ ပထမတစ်ခုက (squirrel) ရှဉ့်လေး ဖြစ်ပါတယ်။ ဒီနာမည်ကို သူ့ရဲ့အသက် ၁၀ နှစ်မှာ ရရှိခဲ့တာပါ။ ဒီနာမည်ရလာပုံကတော့ ဒီလိုပါ။ ဆန်းချက်ဇ်တို့ ဘောလုံးကစားတဲ့အခါမှာ ဘယ်သူမှ ဖိနပ်မပါကြပါဘူး။ ဆန်းချက်ဇ်က အဲ့ဒီထဲမှာ ထူးထူးခြားခြား အလွန် မြန်မြန်ဆန်ဆန် ပြေးလွှား ကစားနိုင်ပါတယ်။ အဲ့ဒီလိုကစားနေရင်း ဘောလုံးက အိမ်ခေါင်မိုးတွေအပေါ် တင်သွားလို့ရှိရင် ဆန်းချက်ဇ်ကပဲ သစ်ပင်တွေ၊ ခေါင်မိုးတွေပေါ်ကတစ်ဆင့် တက်ပြီး သွားယူကာ လျင်လျင်မြန်မြန်ပဲ ပြန်ဆင်းလာနိုင်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေက သူ့ကို ချစ်စနိုးနဲ့ ရှဉ့်လေးလို့ ခေါ်ကြပါတယ်။ ဒုတိယနာမည်ကတော့ El Nino Maravilla (အံ့အားသင့်ဖွယ်ရာကောင်းတဲ့ လူငယ်လေး) လို့ အဓိပ္ပာယ်ရပါတယ်။ ဒီနာမည်ကတော့ ချီလီကလပ် Colo-Colo အသင်းမှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝ အစပြုချိန်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘောလုံးကန်ဖိနပ် ငှားစီးခဲ့ရသူ

ဆန်းချက်ဇ်ရဲ့ ငယ်ဘဝက အားကိုးစရာ ဖခင်မရှိခဲ့ဘဲ မိခင်တစ်ဦးတည်းရဲ့အားနဲ့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာပါ။ သူ့ရဲ့မိခင် မာရီနာဟာ မိသားစုကို စောင့်ရှောက်ကျွေးမွေးနိုင်ဖို့ အလုပ်နှစ်ခု လုပ်ခဲ့ရပါတယ်။ တစ်ခုက ငါးရောင်းတာဖြစ်ပြီး တစ်ခုက ကျောင်းသန့်ရှင်းရေး လုပ်တာဖြစ်ပါတယ်။ ကလေး လေးယောက်ကို ကျွေးမွေးနေရတဲ့ မိခင်တစ်ယောက်ဖြစ်တာကြောင့် ဆန်းချက်ဇ် ဘောလုံးကန်ဖို့အတွက် ဘောလုံးကန်ဖိနပ် ဝယ်မပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဆန်းချက်ဇ် ဘောလုံးစတင် ကစားချိန်မှာ အခြားကစားသမားတွေဆီကနေ ဖိနပ်ငှားပြီး စီးခဲ့ရပါတယ်။ သူ့ရဲ့ ပထမဆုံး ကိုယ်ပိုင် ဘောလုံးကန်ဖိနပ်ကို အသက် ၁၅ နှစ်ရောက်မှ ဝယ်ယူနိုင်ခဲ့ပါတယ်။

အမေ့အတွက် အိမ်

ဆန်းချက်ဇ်ဟာ ငယ်စဉ်ကတည်းက သူတကာရဲ့ ကားတွေကို စောင့်ကြည့်ပေးခြင်း လမ်းတွေပေါ်မှာ ဘောလုံးကစားရင်း ငွေတချို့ ရှာဖွေနိုင်ခဲ့ပါတယ်။ ဆန်းချက်ဇ်ရဲ့ ရည်မှန်းချက်ကတော့ သူ့အမေကို အိမ်တစ်လုံးဝယ်ပေး ချင်ခဲ့တာပါ။ “ကျွန်တော်သာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦး ဖြစ်လာခဲ့မယ်ဆိုရင် အမေ့အတွက် အိမ်တစ်လုံး ဝယ်ပေးမယ်လို့” သူ့အမေကို ဆန်းချက်ဇ်ငယ်စဉ်က ပြောခဲ့ဖူးပါတယ်။ သူ့အသက် ၁၇ နှစ်အရွယ် အူဒီးနီးစ်အသင်းကို ရောက်ရှိခဲ့ချိန်မှာတော့ ချက်ချင်းပဲ သူ့အမေအတွက် အိမ်တစ်လုံး ဝယ်ပေးခဲ့ပါတယ်။

ရိုးသားပြီး အရှက်အကြောက်ကြီးသူ

ဆန်းချက်ဇ်ဟာ အလွန်ရှက်တတ်သူဖြစ်ပြီး ထင်ထင်ပေါ်ပေါ် မနေထိုင်တတ်သူ ဖြစ်ပါတယ်။ ကမ္ဘာကျော် ဘောလုံးသမားကြီး ဖြစ်သွားပေမယ့် သူ့ပုံစံက မပြောင်းလဲခဲ့ပါဘူး။ ဆန်းချက်ဇ်ဟာ အားလပ်ရက်ရတိုင်း မွေးရပ်မြေ မြို့ကလေးကို ပြန်လေ့ရှိပါတယ်။ ဆောင်းရာသီ နားရက်တွေမှာဆိုရင် ဆန်တာကလော့စ်အဖြစ်နဲ့ ဆန်းချက်ဇ် ပြန်ရောက်လာတတ်ပါတယ်။ ကြီးမားတဲ့ အမိုးပွင့် ကုန်တင်ကားကြီးကို ငှား၊ ပြီးရင် လက်ဆောင်ပစ္စည်းတွေ အပြည့်အသိပ် တင်ပြီး တိုကိုပီလာမြို့အစွန်ဘက်တွေမှာ ရှိတဲ့ မိသားစုနဲ့ ကလေးတွေဆီကို သွားပေးတတ်ပါတယ်။ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့ပြီး ဆောင်းရာသီ နားရက်မရချိန်မှာတော့ ဆန်းချက်ဇ်က ဒီဓလေ့လေး ပျောက်ကွယ်သွားမှာ စိုးရိမ်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ မွေးရပ်မြေက လူငယ်ကစားသမားတွေအတွက် ဘောလုံးကွင်း ငါးကွင်းကိုလည်း ဆန်းချက်ဇ်က ဝယ်ယူတည်ဆောက်ပေးခဲ့ပါတယ်။

ဆန်းချက်ဇ်ရဲ့ စကားပြန် မက်ဆီ

ဆန်းချက်ဇ်ဟာ စပိန်စကားပြောဆိုသူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အသံထွက်က တိုကိုပီလန်အသံဖြစ်နေတာကြောင့် စပိန်စကား ပြောဆိုသူတွေတောင် နားမလည်ကြပါဘူး။ ဒါပေမဲ့ ဆန်းချက်ဇ်ရဲ့စကားသံကို နားလည်သူ တစ်ဦးတော့ ရှိပါတယ်။ သူက ကမ္ဘာကျော် ဘောလုံးသမားမက်ဆီပါ။ ဒါကြောင့် ဆန်းချက်ဇ် ဘာစီလိုနာကို ရောက်ရှိချိန်မှာ မက်ဆီက စကားပြန်လုပ်ပေးခဲ့ရပြီး ဆန်းချက်ဇ်နဲ့ အသင်းသားတွေအကြား ဆက်သွယ်ပေးခဲ့ရပါတယ်။

ချီလီရဲ့ အသက်အငယ်ဆုံး ကစားသမား

ဆန်းချက်ဇ်ရဲ့ အသက် ၁၇ နှစ်အရွယ်မှာပဲ ချီလီနိုင်ငံ လက်ရွေးစင်အသင်းအတွက် ပွဲထွက် ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင်မှာတော့ ယူ-၂၁ အသင်းမှာ ကစားခဲ့ရပါသေးတယ်။ ချီလီ ယူ-၂၁ အသင်းအတွက် လေ့ကျင့်ဖို့ သွားတဲ့အချိန်မှာ ဘယ်ကို သွားရမယ်ဆိုတာ တိတိကျကျမသိဘဲ လက်ရွေးစင်အသင်းကြီး အဝတ်လဲခန်းထဲကို ဝင်သွားမိပါတယ်။ ကစားသမားကြီးတွေက သူ့ကိုသေချာကြည့်ပြီး ဒီကလေး ဒီကို ဘာလာလုပ်တာလဲဆိုပြီး တွေးနေခဲ့ကြပါတယ်။ ပြီးတော့ လူငယ်ကစားသမားတွေရဲ့ အဝတ်လဲခန်းကို သွားခိုင်းခဲ့ပါတယ်။ တကယ်ကို စိတ်ကသိကအောက်ဖြစ်ရတဲ့အချိန်လို့ ဆန်းချက်ဇ်က ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ မကြာပါဘူး။ အသင်းကြီးကို ဆန်းချက်ဇ်ရောက် သွားခဲ့ပါတယ်။

အခုဆိုရင် ဆန်းချက်ဇ်ဟာ ချီလီအသင်းရဲ့ မရှိမဖြစ် ကစားသမားတစ်ဦးဖြစ်နေပြီဖြစ်ပြီး ချီလီနိုင်ငံအတွက် ပထမဆုံး ကိုပါအမေရိကဖလားကို အသင်းဖော်တွေနဲ့အတူကြိုးစားပြီး ရယူပေးနိုင်ခဲ့ပါပြီ။ ချီလီဘောလုံးသမိုင်းမှာ အလက်ဆစ်ဆန်းချက်ဇ်ဆိုတဲ့ နာမည်တစ်လုံး ကျန်ရစ်နေမှာ သေချာပါတယ်။

ခွေးအလွန်ချစ်တတ်တဲ့ ဆန်းချက်ဇ်

ဆန်းချက်ဇ်ဟာ ခွေးတွေကို အလွန်ချစ်ခင် ကြင်နာတတ်သူ ဖြစ်ပါတယ်။ ခွေးတွေနဲ့ အတူနေရတာက သူ့အတွက် ငြိမ်းချမ်းလှပတဲ့ ကမ္ဘာတစ်ခုပါပဲ။ ခွေးတွေအပေါ် သူဘယ်လောက် ချစ်ကြောင်းကို သူ့ရဲ့ လူမှုဝက်ဘ်ဆိုက် စာမျက်နှာတွေပေါ်မှာ ကြည့်ရင် သိမြင်နိုင်ပါတယ်။ သူဟာ ခွေးတွေနဲ့အတူ မျက်မှန်တပ်၊ ဦးထပ်ဆောင်း၊ တီရှပ်အင်္ကျီဆင်တူဝတ် အဲ့ဒီလိုအပြုအမူမျိုးတွေ ပြုလုပ်တတ်ပါတယ်။ ခွေးတွေနဲ့ အတူအိပ်၊ အတူစား၊ အတူသွား၊ အတူကစားတာကြောင့် ဆန်းချက်ဇ်ကို ကြည့်ရတာ လူတစ်ယောက်ထက် ခွေးတစ်ကောင်နဲ့တောင် ပိုတူနေတယ်လို့ မီဒီယာတစ်ချို့က ရေးသားခဲ့ဖူးပါတယ်။

ဒီအကြောင်းအရာတွေက ဆန်းချက်ဇ်ရဲ့ လူသိနည်းတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။ ဒါတွေကို စာဖတ်သူအနေနဲ့ သိပြီးဖြစ်ရင်လည်း ဖြစ်ပါလိ့မ်မယ်။ ဒါပေမဲ့ ဒီစာတွေကို ဖတ်ပြီး စိတ်ထဲမှာ ကျေနပ်မှုတစ်စုံတစ်ရာ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အခုအချိန်မှာ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြဂိုးတွေသွင်းနေတဲ့ ဆန်းချက်ဇ်ဟာ စီးရီးအေ၊ လာလီဂါနဲ့ ပရီးမီးယားလိဂ် သုံးခုစလုံးမှာ ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မကြာသေးမီကပဲ မှတ်တမ်း ဝင်ထားပါတယ်။ အူဒီးနီးစ်၊ ဘာစီလိုနာ၊ အာဆင်နယ်တို့နဲ့ တောက်ပခဲ့တဲ့ ဆန်းချက်ဇ်ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပွဲပေါင်း ၄၄၃ ပွဲ ကစားထားပြီး ၁၂၂ ဂိုးသွင်းယူထားပါတယ်။

HYPERSPORTS NO.11 Pg.25

.page-node-9078 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly