ချင်းအမျိုးသားနေ့တွင် ချင်းပြည်သူများ၏ ကံကြမ္မာကို ချင်းပြည်သူများ ဖန်တီးရမည်ဟု ဒေါက်တာဆာဆာပြော

ချင်းအမျိုးသားနေ့တွင် ချင်းပြည်သူများ၏ ကံကြမ္မာကို ချင်းပြည်သူများ ဖန်တီးရမည်ဟု ဒေါက်တာဆာဆာပြော

ဖေဖော်ဝါရီလ ၂၀ ရက်

ချင်းပြည်သူများ၏ ကံကြမ္မာကို ချင်းပြည်သူများ ဖန်တီးရန် ထိုက်တန်ကြောင်း အမျိုးသားညီညွှတ်ရေး အစိုးရ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာဆာဆာက ယနေ့တွင် ကျရောက်သည့် (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ပြောကြားသည်။

စင်ကာပူနိုင်ငံတွင် ပြုလုပ်သည့် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်စဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ချင်းသမိုင်းမှာ ချင်းကံကြမ္မာကို ချင်းပြည်သူလူထုက ဖန်တီးမည်ဆိုတဲ့ အကြောင်း ပထမဦးစွာ ပြောခွင့်ပေးပါ။ ကျွန်တော်တို့ ချင်းလူမျိုးတွေဟာ နှစ်ပေါင်း ၉၀၀ နီးပါး မည်သူလက်ထဲမှ မနေဘဲ ချင်းပြည်နယ်သည် ချင်းတွေ လက်ထဲမှာ အုပ်ချုပ်ခြင်း၊ တရားစီရင်ခြင်း၊ သာတူညီမျှခြင်း၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခြင်းနဲ့ နေလာခဲ့တဲ့ ချင်းပြည်နယ်ဖြစ်ပါတယ်။ ချင်းဖြစ်လျှင် သတ္တိရှိရမယ်။ ချင်းဖြစ်လျှင် လွတ်လပ်ရမယ်။ ချင်းဖြစ်လျှင် သစ္စာရှိရမယ် ။ ချင်းလူမျိုးများရှိသည့် နေရာတိုင်း ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးရေးနဲ့ သာတူညီမျှရှိရ မယ်လို့ သံန္နိဋ္ဌာန်ချထား ရပါမယ်” ဟု ဒေါက်တာဆာဆာက ဆိုသည်။

ထို့အပြင် ခေတ်အဆက်ဆက် စစ်အာဏာရှင်များ၊ စစ်ဗိုလ်ချုပ်များနှင့် လက်ရှိ မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်အာဏာရှင်အုပ်စုတစ်စုကြောင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး၊ သာတူညီမျှခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းမှု တို့ တောက်လျှောက် ဖျက်ဆီးခြင်းခံခဲ့ရကြောင်းနှင့် စစ်အာဏာရှင်စနစ်သည် ဒီမိုကရေစီ၏ ရန်သူ  ဖြစ်ကြောင်း ပြောကြားသည်။

လက်ရှိ နွေဦးတော်လှန်ရေးကို ကြည့်မည်ဆိုလျှင် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနေခြင်းသာ ဖြစ်ကြောင်း၊  နွေဦးတော်လှန်ရေးသည် ၂၀၂၁ခုနှစ်မှ စတင်ခြင်းမျိုး မဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်းများစွာမှ သန္ဓေတည်လာပြီး နွေဦးတော်လှန်ရေး၏ အရှိန်အဟုန်အတွက် တည်ဆောက်လာပြီးသားဖြစ်ကြောင်း၊  ယင်းကြောင့် နွေဦးတော်လှန်ရေးမှစ၍ စစ်အာဏာရှင်အမြစ်ပြတ်ရေး သံန္နိဋ္ဌာန် ချမှတ်ထားကြောင်း၊ အမျိုးသား ညီညွတ်ရေး အစိုးရအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ် စစ်အာဏာရှင် အမြစ်ပြတ် တိုက်ထုတ်ရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။ 

နွေဦးတော်လှန်ရေး၏ အဓိက ရည်မှန်းချက်သုံးခုသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် ရေးဆွဲရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးတို့အတွက် ဖြစ်သည်ဟုဆိုသည်။

“ကျွန်တော်တို့ နွေဦးတော်လှန်ရေးရဲ့အဓိက ရည်မှန်းချက်တွေက စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းစေရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းတာနဲ့တကွ တစ်ချိန်တည်းမှာပဲ ဖက်ဒရယ်ဒီမိုကရေစီအတွက် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေး၊ သာတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် ပေါ်ပေါက်လာရေး၊ ၎င်းဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို အခြေခံသောအားဖြစ် ဖက်ဒရယ် နိုင်ငံတော်ကြီး တည်ဆောက်ရေးမှာ လူမျိုးမရွေး ဘာသာမရွေး တိုင်းရင်းသားမရွေး အရောင်ခွဲခြားမှု မရွေး ကျားမ မရွေး ကျွန်တော်တို့အားလုံး သာတူညီမျှရရှိရေးနဲ့ ကိုယ်ကံကြမ္မာ ကိုဖန်တီးတဲ့ ဖက်ဒရယ် ဒီမိုကရေစီပေါ်ပေါက်ရေးဟာ ဘုံရည်မှန်းချက်ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly