စစ်ကောင်စီ၏ ချင်းအမျိုးသားနေ့အခမ်းအနားများကို မြို့နယ်ထွေအုပ်ရုံးများတွင်သာ အနည်းအကျဉ်းကျင်းပနိုင်

စစ်ကောင်စီ၏ ချင်းအမျိုးသားနေ့အခမ်းအနားများကို မြို့နယ်ထွေအုပ်ရုံးများတွင်သာ အနည်းအကျဉ်းကျင်းပနိုင်
ဓါတ်ပုံ - ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်ခဲ့သည့် ၁၃ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဖလမ်းမြို့တွင် ကျင်းပစဉ်။ ထိုစဉ်က နိုင်ငံတော်ဝန် ကြီးချုပ်ဦးနု တက်ရောက်ခဲ့သည်။

ဖေဖော်ဝါရီ ၂၀

ချင်းပြည်နယ်တွင် ယနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့ တွင်ကျရောက်သည့် ၇၄ ကြိမ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို သက်ဆိုင်ရာမြို့နယ်အလိုက်ထွေအုပ်ရုံးများတွင်သာ အနည်းအကျဉ်းကျင်းပနိုင်ခဲ့ကြကြောင်း သိရသည်။

နှစ်စဉ်နှစ်တိုင်းစည်းကားစွာကျင်းပနိုင်ခဲ့ သော်လည်း စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ယခုနှစ်တွင် ယင်းကဲ့သို့ကျင်းပကြခြင်းဖြစ်သည်။

အဆိုပါချင်းအမျိုးသားနေ့အခမ်းအနားကျင်းပနိုင်ရန်အတွက်လည်း ပြည်နယ်စစ်ကောင်စီမှ တစ်မြို့နယ် ၁၅သိန်းနှင့် ခရိုင်တစ်ခုလျှင် သိန်း၂၀ စီထောက်ပံ့ပေးထားကြောင်းလည်းသိရသည်။

"စစ်ကောင်စီမှဦးစီးကျင်းပသည့် ချင်းအမျိုးသားနေ့အခမ်းအနားများတွင်ပြည်သူများပါဝင်ခြင်းမပြုကြရန်နှင့် မနက် ၁၀နာရီမှ ညနေ ၄နာရီအထိ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ပြုလုပ်ကြရန်" ကြားကာလ ဟားခါးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ကြေညာချက်ထုတ်ပြန်ထားသည်။

ထို့အပြင် မင်းတပ်မြို့နယ်များနှင့် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှလည်း'' အာဏာသိမ်းစစ်ကောင်စီကျင်းပမည့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ပြည်သူများအနေနဲ့ ပူးပေါင်းပါ၀င်ခြင်း လုံး၀မပြုကြရန်”အသီးသီးထုတ်ပြန်ထားသည်။

ချင်းအမျိုးသားနေ့ကို ၁၉၅၁ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပလာခဲ့ကြသည်မှာ ၂၀၂၂ခုနှစ်တွင် (၇၄) ကြိမ်မြောက်ရှိခဲ့ပြီဖြစ်သည်။

ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးများ၏ သူ့ကျွန်မခံလိုသည့်စိတ်ဓာတ်၊နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် လူထုဆန္ဒအရ ဒီမိုကရေစီ စနစ်ဖြင့် အုပ်ချုပ်သည့် စနစ်ကိုမြတ်နိုးသည့်စိတ်ဓာတ်တို့အပေါ်အခြေခံ၍ ပေါက်ဖွားလာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly