ပါကစ္စတန် ကရာချိမြို့တွင် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ပါကစ္စတန် ကရာချိမြို့တွင် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ ဆာဂျန်နီ ရပ်ကွက်တွင် တည်ရှိသည့် မြေကွက်အလွတ်တစ်ခု၌ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၁၃ ရက်က ဆင်းဒ်ပြည်နယ် ယစ်မျိုးခွန် စည်းကြပ်ရေးနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာနက သိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာနသည် ယင်းနေ့က ဆာဂျန်နီ၏ နယ်မြေအကန့် ၇၀-ဒီ တွင် စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့စဉ် မူးယစ်ဆေးများကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ARY News က ဖော်ပြသည်။

ဘိန်းဖြူများကို ပလတ်စတစ်အိတ်များဖြင့် ထည့်ပိတ်ထားခြင်းဖြစ်သည်ဟု ဆင်းဒ်ပြည်နယ် ယစ်မျိုးခွန် စည်းကြပ်ရေးနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာနမှ ပြည်နယ်ဝန်ကြီး မူကက်ရှ် ကူးမား ချောလာက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုဖြစ်စဉ်နှင့် စပ်လျဉ်းပြီး တရားခံတစ်ဦးကို အမှုဖွင့်ထားကြောင်းနှင့် နောက်ထပ် စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေကြောင်း ၎င်းက ပြောခဲ့သည်။

ပါကစ္စတန်သည် အနောက်တောင်အာရှတွင် မူးယစ်ဆေး သုံးစွဲမှု အမြင့်ဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။

ပါကစ္စတန်ရှိ လူငယ်ထု၊ အထူးသဖြင့် ကျောင်းသားများအကြား မူးယစ်ဆေးအလွဲသုံးမှုကြောင့် ထိခိုက် သေဆုံးမှုများ ဖြစ်ပေါ်လျက် ရှိသလို မူးယစ်ဆေးသုံးမှုကြောင့် ဆေးစွဲခြင်းနှင့် ရာဇဝတ်မှုများ ဖြစ် စေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly