တရုတ်တွင် သက်ကြီးရွယ်အို အရေအတွက် များပြားလာသောကြောင့် ထောက်ပံ့ရေး အစီအစဉ်များပေးရန် အစိုးရ ကတိပြု

တရုတ်တွင် သက်ကြီးရွယ်အို အရေအတွက် များပြားလာသောကြောင့် ထောက်ပံ့ရေး အစီအစဉ်များပေးရန် အစိုးရ ကတိပြု

တရုတ်နိုင်ငံတွင် သက်ကြီးရွယ်အိုဦးရေ များပြားလာမှုအပေါ် စိုးရိမ်မှုများမြင့်တက်လာခြင်းကြောင့် အစိုးရက ၎င်းတို့အတွက် အထူးစောင့်ရှောက်မှုပေးရန် အစီအစဉ်ကို ကတိပြုထားသည်။

“အင်တာနက်ခေတ်မှာ မြို့ပြနေသက်ကြီးရွယ်အိုတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းမပေးဘဲ အထီးကျန်ဖြစ်ခွင့် မပြုနိုင်သလို ကျေးလက်ဒေသက သက်ကြီးရွယ်အိုတွေလည်း ချက်ပြုတ်ဖို့ ကိုယ်တိုင်ထင်းခွေနေရတာမျိုးတွေ မဖြစ်စေရပါဘူး” ဟု အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေ‌ေကော်မရှင်မှ လူမှုဖွံ့ဖြိုးတိုးတက်ရေးဌာနအကြီးအကဲ အိုရှောင်လီက ပြောသည်။

ယမန်နှစ်က အသက် ၆၀ နှင့်အထက် လူဦးရေ ၂၆၇ ဒသမ ၃၆ သန်းကျော်ရှိပြီး စုစုပေါင်းလူဦးရေ၏ ၁၈ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ အသက် ၆၅ နှစ်နှင့်အထက်မှာ ၂၀၀ ဒသမ ၅၆ သန်းကျော်ရှိပြီး စုစုပေါင်းလူဦးရေ၏ ၁၄ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။

သားသမီးများ ကြီးပြင်းလာကာ အိမ်မှထွက်သွားသောကြောင့် ကျန်ရစ်သော မိဘများကို ‘စောင့်ရှောက်သူမဲ့’ ဟု ရည်ညွှန်းခေါ်ဆိုကြပြီး တရုတ်နိုင်ငံတွင် ကလေး သို့မဟုတ် အိမ်ထောင်ဖက်မရှိသူများကိုလည်း ထည့်သွင်းထားကာ ၎င်းတို့မှာ သက်ကြီးပိုင်းများ၏ ၃ ပုံ ၂ ပုံခန့်ရှိကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

၂၀၁၆ ခုနှစ် အစိုးရစစ်တမ်းတစ်ခုအရ ကျေးလက်နေ သက်ကြီးရွယ်အိုများ၏ ၁၂ ရာခိုင်နှုန်းခန့်သည် စောင့်ရှောက်သူမဲ့ များဖြစ်ကြသည်။

တရုတ်နိုင်ငံ၏ သက်ကြီးရွယ်အိုဦးရေ များပြားလာခြင်းနှင့်အတူ ဆေးဘက်ဆိုင်ရာစနစ်အပေါ်လည်း ဖိအားဖြစ်လာစေသည်။

အသက် ၈၀ နှင့်အထက် လူဦးရေသည် ၂၀၂၀ ခုနှစ်တွင် ၃၅ ဒသမ ၈ သန်းအထိ ရောက်ရှိခဲ့ပြီး ၂၀၅၀ ခုနှစ်တွင် ၃ ဆတိုးလာဖွယ်ရှိကာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစနစ်အတွက်လည်း ဝန်ထုပ်ဝန်ပိုး ထပ်မံဖြစ်လာစေမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly