အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်၏ လုပ်ဆောင်မှုများက သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ပျက်စီးယိုယွင်းစေနိုင်

By The New Indian Express
19 February 2022
အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်၏ လုပ်ဆောင်မှုများက သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ပျက်စီးယိုယွင်းစေနိုင်

အင်ဒို-ပစိဖိတ်မဟာဗျူဟာသည် "ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုဆိုင်ရာ သက်ရောက်မှုများကြောင့် ဖြစ်ပေါ်သည့် ဒေသတွင်း အားနည်းချက်များကို လျှော့ချခြင်း” အပါအဝင် ၂၁ ရာစု နိုင်ငံဖြတ်ကျော်ခြိမ်းခြောက်မှုများအတွက် ဒေသတွင်း ခံနိုင်ရည်အား တည်ဆောက်ခြင်းတို့ကို ဆွေးနွေးခြင်းဖြစ်ကြောင်း ဆောင်းပါးရှင် ပီယာရှာမန်က Global Strat View တွင် ရေးသားဖော်ပြထားသည်။

အခြားနိုင်ငံများ၏စိုးရိမ်မှုများကို ထည့်မတွက်ဘဲ တောင်တရုတ်ပင်လယ်ဒေသတွင် ကျွန်းတုများ တည်ဆောက်ရန် တရုတ်နိုင်ငံ၏ တစ်ဖက်သတ်လုပ်ဆောင်မှုသည် အင်ဒို-ပစိဖိတ်ဒေသတွင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုဖြစ်စေကာ ပင်လယ်ဇီဝမျိုးကွဲများအပေါ် ဆိုးကျိုးသက်ရောက်စေသည်။

အဆိုပါကျွန်းတုများဆောက်လုပ်ခြင်းသည် တရုတ်နိုင်ငံ ပါဝင်လက်မှတ်ရေးထိုးထားသည့် ၁၉၈၂ ခုနှစ် ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေဆိုင်ရာသဘောတူညီချက် (UNCLOS) ကို ဗြောင်ကျကျ အတိအလင်း ချိုးဖောက်ကြောင်း ရှာမန်ကပြောသည်။

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် ဧက ၃၂၀၀ ကျယ်ဝန်းသော ကုန်းမြေအတုကို ဖန်တီးခဲ့သည်။ ၎င်းတွင် တိုက်လေယာဉ်များနှင့် လုပ်ငန်းသုံးလေယာဉ်ကြီးများ ဆင်းသက်နိုင်သည့် လေယာဉ်ကွင်း တစ်ခုရှိကာ တိုက်လေယာဉ် ၇၂ စင်းထားနိုင်သည့် လေယာဉ်ရုံကိုလည်း တည်ဆောက်ထားပြီး စပရတ်လေ ကျွန်းစုများရှိ Fiery Cross၊ Subi နှင့် Mischief သန္တာကျောက်တန်းများပေါ်တွင် လေယာဉ် အကြီးစား ၁၀-၁၂ စီးခန့် ထားရှိသည်။

တောင်တရုတ်ပင်လယ်၌ ထိုသို့တည်ဆောက်ခြင်းနှင့်စစ်ပုံသွင်းခြင်းတို့ကြောင့် ငါးဖမ်းလုပ်ငန်းကို သိသိသာသာ ကျဆင်းစေခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် တောင်တရုတ်ပင်လယ်တွင် ငါးဖမ်းသည့် ပမာဏသည် တစ်ကမ္ဘာ့လုံး အတိုင်းအတာဖြင့် ၁၂ ရာခိုင်နှုန်းခန့် ရှိခဲ့သော်လည်း ငါးရရှိမှုသည် ၃ ပုံ ၁ပုံခန့် ကျဆင်းသွားခဲ့ရာ လက်ရှိအခြေအနေအတိုင်းဆက်သွားပါက ၂၀၄၅ ခုနှစ်တွင် နောက်ထပ် ၅၉ ရာခိုင်နှုန်း လျော့နည်းသွားဖွယ်ရှိသည် ဟု Global Strat View ၌ ဖော်ပြထားသည်။

ထို့ကြောင့် ကမ်းရိုးတန်းရှိ ပြည်သူများသည် ငါးဖမ်းလုပ်ငန်းကို စွန့်လွှတ်ခဲ့ရပြီး အသက်မွေးဝမ်းထိခိုက်ခဲ့ကာ နောက်ဆက်တွဲအနေဖြင့် စားနပ်ရိက္ခာဖူလုံရေး ပြဿနာများတွေ့ကြုံခဲ့ရသည်။

သန္တာကျောက်တန်းများမှ သဲများနှင့် ကျောက်စရစ်များကို ဖယ်ရှားရန်သောင်တူးခြင်းများသည် ဂေဟစနစ်ကို ပျက်စီးစေသလို ရေစီးကြောင်းများ ပြောင်းလဲခြင်းကိုလည်း ဖြစ်ပေါ်စေသည်။

အရွယ်အစားကြီးမားသည် ကျွန်းတု တည်ဆောက်ထားသောနေရာများတွင် အန္တရာယ်ရှိသော ရေညှိများလည်း ဖြစ်ပေါ်လာကြသည်။ ကျွန်းတုများပေါ်တွင် နောက်မျိုးဆက်များ၏ လုပ်ဆောင်မှုမှန်သမျှသည် အပျက်အစီးများနှင့်လေထုညစ်ညမ်းမှုတို့ကို ပိုမိုတိုးပွားစေကာနေရာများလည်းထပ်မံပျက်စီးစေနိုင်သည်ဟု ရှာမန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly