တနိုင်းတွင် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

တနိုင်းတွင် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ချင်းမိုင်၊ ဇန်နဝါရီ ၁၇ ။ ။ ကချင်ပြည်နယ် တနိုင်းဒေသအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့အား ဘိန်းစိုက်ပျိုးနေသူများမှ သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ဖြင့် အသက် ၁၉ နှစ်အရွယ် လထော်ဂျိုးဇက်တူးဇိုင် သေဆုံးခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၁၅ ရက်က တနိုင်းဒေသ တရွန်ဇွပ်ကျေးရွာအနီး ဘိန်းခင်းများ ဖျက်ဆီးနေစဉ် ဘိန်းခင်းပိုင်ရှင်မှ တူမီးလက်နက်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်းနှင့် လက်မောင်းတွင် ထိမှန်၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် ကချင်မူးယစ် ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးအင်ခွန်တန်ဂွန်းက ပြောသည်။

“ဘိန်းခင်းပိုင်ရှင်တွေ ပစ်ခတ်လို့ ခေါင်းမှာအချက်နဲ့ လက်မောင်းတစ်ချက် ထိမှန်လို့ ဆုံးသွားတယ်။ တနိုင်းဆေးရုံမှာ ခွဲစိတ်တယ်။ မနက်ဖြန်တော့ သူ့ဇာတီကို သယ်သွားပြီးတော့ သဂြိုုလ်မယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

လက်ရှိ တနိုင်းမြို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်းတွင် ကိုလထော်တူးဇိုင်၏ အလောင်းအားထားရှိပြီး ဇန်နဝါရီလ ၁၇ ရက်တွင် တနိုင်းမြို့မှ သေဆုံးသူ ရပ်ဇာတိဖြစ်သော မိုးကောင်းမြို့နယ် လဘန်ကျေးရွာသို့ သယ်ယူ၍ လာည့် ဇန်နဝါရီလ ၁၈ ရက်တွင် သဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခဲ့သူ ဘိန်းခင်းပိုင်ရှင်အား ဖမ်းဆီးအရေးယူရန် စီစဉ်နေသည်ဟု သိရသည်။ ၂၀၁၄ ခုနှစ်မှစတင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်အတွင်း လူသေဆုံးမှု ပထမ ဦးဆုံးဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းအတွင်း လူငယ်တစ်ဦး အသက်ပေးဆပ်ခဲ့ခြင်း ဖြစ်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်မှုကို ရပ်ဆိုင်းသွားမည် မဟုတ်ဘဲ အရှိန်တိုးမြှင့်၍ တိုက်ဖျက်သွားမည် ဖြစ်ကြောင်း ဦးအင်ခွမ်တန်ဂွန်းက ပြောသည်။

“ဆက်တိုက်ဖျက်သွားမယ်။ မူးယစ်ဆေးဝါးတိုက်ပွဲ ဖွင့်လိုက်ပြီ။ လူထုအင်အားနဲ့ တိုက်ဖျက်မှု တိုးမြင့်ပြီးတော့ တိုက်ဖျက်သွားမယ်။ ကျနော်တို့ နောက်ဆုတ်မှာ မဟုတ်ဘူး။ ဘယ်တော့မှ အရှုံးမပေးဘူး။ ကျွန်တော်တို့အပေါ် ဘုရားသခင်ရှိတယ်”ဟု သူက ပြောသည်။

၂၀၁၆ ခုနှစ်အတွင် ပထမဆုံးအကြိမ် ဘိန်းတိုက်ဖျက်လုပ်ငန်းတွင် လာမည့် ဇန်နဝါရီလ ၁၉ ရက်မှစတင်၍ ဝိုင်းမော်မြို့နယ်၊ ဆဒုံးဒေသဘက်တွင်လည်း လူထုအင်အား ၁၂၀၀ ခန့်ဖြင့် ဘိန်းခင်းများ သွားရောက် တိုက်ဖျက်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ဇန်နဝါရီလ ၅ ရက်မှစတင်၍ ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ကိုယ်ထူကိုယ်ထ တိုက်ဖျက်ရန်အတွက် ကချင်ပြည်နယ်တွင် ပူတာအို၊ တနိုင်း၊ မိုးညှင်း၊ ဝိုင်းမော်၊ ဆဒုံး စသည့်မြို့နယ်များတွင် စိုက်ပျိုးထားသော ဘိန်းခင်းများကို သွားရောက် ဖျက်ဆီးနေခြင်း ဖြစ်သည်။

ပူတာအိုမြို့နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ လူငယ် ၇၀၀ ခန့်ဖြင့် သွားရောက်ဖျက်ဆီးခဲ့ရာ ၄ ရက်အတွင်း ဘိန်းခင်း ဧက ၄၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။ အလားတူ တနိုင်းမြို့နယ်ဘက်တွင်လည်း လူပေါင်း ၆၀၀ ခန့်ဖြင့် ဇန်နဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်မှ ဘိန်းခင်း ဧက ၄၀၀ ကျော်ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။ ယနေ့ထိ ဘိန်းခင်း ဧက စုစုပေါင်း ၁၀၀၀ ချီ တိုက်ဖျက်နိုင်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

၂၀၁၄ ခုနှစ်မှစတင်၍ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပပျောက်ရန်အတွက် ခရစ်ယာန် ရိုင်းပေါင်းစုံမှ ခေါင်းဆောင်များ ဦးဆောင်၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ပြင်းပြင်းထန်ထန်လုပ်ဆောင်ခဲ့သဖြင့် ကချင်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁၆ မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၃ မြို့နယ် စုစုပေါင်း ၁၉ မြို့နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များ ဖွင့်လှစ်ထားပြီး ဖြစ်သည်။

၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများအတွင်းရှိ ဘိန်းစိုက်ခင်း ဧက စုစုပေါင်း ၃၀၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags